ကက်တမင်း မူးယစ်ဆေး ကွင်းဆက်များ

  • 17 ဇူလိုင် 2015

အာရှအရှေ့ဖျား ကာရာအိုကေ ဘားတွေကနေ အင်္ဂလန်နိုင်ငံထိတိုင် လူငယ်တွေအကြား အသုံးများနေတဲ့ ကက်တမင်း မူးယစ်ဆေး အကြီးအကျယ် ထုတ်တဲ့ တရုတ်နိုင်ငံတွင်းက ရွာတရွာကို ရဲတွေ ဝင်ရောက်စီးနင်းခဲ့တဲ့အကြောင်း ဘီဘီစီ သတင်းထောက် Celia Hatton က အကျယ်တဝင့် ရေးသားဖော်ပြထားပါတယ်။

Image caption တယ်လီဖုန်းအဆက်အသွယ်တွေကို ရဲက ဖြတ်တောက်ထားခဲ့တာကြောင့် ပေါဆယ့်ရွာ တရွာလုံးဟာ သူတို့ဝင်ရောက်တာကို မသိလိုက်ကြပါဘူး။

စီးနင်းမှု နိဒါန်း

တရုတ်နိုင်ငံ Guangdong ကွမ်တုံး ပြည်နယ်ထဲက မူးယစ်ဆေး ထုတ်လုပ်တဲ့ ပေါဆယ့်ရွာကို ရဲတွေက ဝင်ရောက်စီးနင်းဖို့ ၆ နှစ်လုံးလုံး စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီစီးနင်းမှုကြီးဟာ တရုတ်နိုင်ငံရဲ့သမိုင်းမှာ ကြီးမားတဲ့ မူးယစ်ဆေး စစ်ဆင်ရေးတွေအနက် တခုအပါအဝင် ဖြစ်ပါတယ်။

ဒီလို ရုတ်တရက် စီးနင်းမှုကြီး မလုပ်ခင် အရင်ကလည်း ကွမ်တုံးပြည်နယ်ရဲတွေဟာ ပေါဆယ့် ရွာကို ဝင်စီးဖို့ နှစ်နဲ့ချီပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ဘူးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရဲတွေ ဝင်ဖို့ကြိုးစားလိုက်တိုင်း ရွာသားတွေက သတင်းကြိုရပြီး အသင့် ပြင်ဆင်ပိတ်ဆို့လေ့ ရှိကြပါတယ်။

ဒါကြောင့်လည်း ဒေသခံတွေက ပေါဆယ့်ရွာကို ခံတပ်ကြီးလို့ ခေါ်ခဲ့ကြတာပါ။

ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသားတွေက တယောက်နဲ့တယောက် လက်ချင်းဆက်ပြီး ရွာဝင်ပေါက်ကို ပိတ်ဆို့ကြခဲ့ကြတာမျိုး ရှိသလို တခါတလေမှာ AK 47 ရိုင်ဖယ်တွေ လက်ပစ်ဗုံးတွေ ကိုင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ရဲတွေကို ဝိုင်းဝန်း ခြောက်လှန့်တာမျိုးလည်း လုပ်ခဲ့ကြပါတယ်။

တကယ်လို့ ရဲတွေက လူအုပ်စုကို ကျော်ဖြတ်ဝင်ရောက်နိုင်ခဲ့ရင်လည်း သူတို့ရောက်တဲ့အချိန်မှာ ရွာထဲက မူးယစ်ဆေး ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာကိုပဲ ကြုံခဲ့ ကြရပါတယ်။

ပေါဆယ့်ရွာက မူးယစ်ရာဇာတွေဟာ နယ်မြေဆိုင်ရာ ကွန်မြူနစ်ပါတီနဲ့ ဒေသခံရဲတွေထဲမှာ သူတို့အတွက် သတင်းပေးတွေကို မွေးထားကြတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်တွေဟာ ဒီမူးယစ်ဂိုဏ်းတွေကို ဖြိုခွင်းနိုင်ဖို့ သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့သူတွေကို နှစ်ပေါင်းအတော်ကြာကြာကတည်းက ပေါဆယ့်ရွာထဲမှာ လျှို့ဝှက် မြှတ်နှံထားခဲ့ကြပါတယ်။ နောက်ပြီး မယုံကြည်ရတဲ့ သတင်းပေးလို့ သံသယရှိတဲ့ နယ်မြေခံရဲတွေကို တယောက်ပြီး တယောက်ဖယ်ရှားခဲ့ပြီး နောက်ဆုံးမှာ တရုတ်လက်ရွေးစင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစားထိုး တာဝန်ပေးခဲ့ပါတယ်။

Image caption ပေါဆယ့်ရွာကိုရဲကစီးနင်းစဉ်

စီးနင်းမှုအစ

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မနက်လင်းအားကြီး ၄ နာရီလောက်မှာ ပေါဆယ့်ရွာကို ရဲတပ်ဖွဲ့ဝင် ၃၀၀၀ လောက် လေကြာင်းကရော ရေကြောင်းကပါ ဝင်ရောက်ခဲ့ကြပါတယ်။

တချို့က ရဟတ်ယာဉ်တွေနဲ့ ဆင်းလာခဲ့ကြပြီး တချို့က ပေါဆယ့်ရွာအနီးမှာရှိတဲ့ ဆိပ်ကမ်းကို ရေလမ်းကနေ တဆင့် ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ ရွာကို ၁၄ နာရီကြာ ပိတ်ဆို့ရှာဖွေခဲ့ကြပါတယ်။

အဲဒီအချိန်မှာ တယ်လီဖုန်းအဆက်အသွယ်တွေကို ရဲက ဖြတ်တောက်ထားခဲ့တာကြောင့် ပေါဆယ့်ရွာ တရွာလုံးဟာ သူတို့ဝင်ရောက်တာကို မသိလိုက်ကြပါဘူး။

အချိန်ယူစီစဉ်ခဲ့တဲ့ ဒီစီးနင်းမှုကြီးမှာ ရဲတွေက ဒေသတွင်း အဆင့်အမြင့်ဆုံး အရာရှိကြီး တဦးဖြစ်ပြီး ရွာရဲ့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးလည်း ဖြစ်တဲ့ Cai Dongjia ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပေါဆယ့်ရွာရဲ့ ခေါင်းကိုင်အဖေ ဂေါ့ဖါးသား Godfather လို့ တရုတ် အစိုးရမီဒီယာက သုံးစွဲဖေါ်ပြခဲ့တဲ့ အဲဒီပုဂ္ဂိုလ်ဟာ မူးယစ်ဆေး ထုတ်လုပ်သူ အားလုံးကို အကာအကွယ်ပေးထားခဲ့တဲ့ အဓိက ပုဂ္ဂိုလ်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ကိုဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက် ရဲတွေဟာ ရွာထဲက မူးယစ်ဆေးရာဇာတွေရဲ့ ခမ်းနားတဲ့ တိုက်အိမ်ကြီးတွေကို ဆက်လက်ရှာဖွေခဲ့ကြပါတယ်။ အိမ်တွေရဲ့ မြေအောက် တိုက်ခန်းတွေနဲ့ အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးဟောင်းတွေ ထဲကနေ ၃ တန်နီးပါးရှိတဲ့ Methamphetamine မက်သအန်ဖက်တမင်း စိတ်ကြွဆေးတွေနဲ့ မက်သအန်ဖက်တမင်း ထုတ်လုပ်ရာမှာ သုံးတဲ့ပစ္စည်း တန်ချိန် ၄၀၀ လောက်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အိမ်အတော်များများမှာ ငွေစက္ကူအပုံလိုက်တွေ ရွှေချောင်းတွေအပြင် သေနတ်တွေကိုပါ တွေ့ရှိရပြီး ဖေါက်ခွဲရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတခုကိုပါ တွေ့ရှိခဲ့ကြပါတယ်။

ဘယ်လိုမူးယစ်ဆေးတွေ ထုတ်နေကြတာလဲ

ရဲတွေဟာ သူတို့မျှော်လင့်တဲ့အတိုင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဓာတု မူးယစ်ဆေးတမျိုးဖြစ်တဲ့ မက်သအန်ဖက်တမင်း ခရစ္စတယ်အခဲတွေကို တွေ့ရှိခဲ့တဲ့အပြင် မမျော်လင့်ထားတဲ့ Ketamine ကက်တမင်း လို့ခေါ်တဲ့ နောက်မူးယစ်ဆေးတမျိုး တန်ချိန်ဝက်ကျော်ကိုပါ တွေ့ရှိခဲ့ပါတယ်။

ပေါဆယ့်နဲ့ အနီးပတ်ဝန်းကျင်က မက်သအန်ဖက်တမင်းထုတ်လုပ်မှုဟာ တရုတ်တနိုင်လုံးထုတ်လုပ်မှုရဲ့ သုံးပုံ တပုံ ရှိပါတယ်။

တရုတ်နိုင်ငံမှာ Ketamine ကက်တမင်းမူးယစ်ဆေး ပြဿနာ ကြီးမားလာနေပေမယ့် ပေါဆယ့်ရွာကနေ ထုတ်နေတယ်ဆိုတာကိုတော့ လူတွေ မသိရှိကြသေးပါဘူး။

ကက်တမင်းကို မြင်းတွေမှာ စိတ်ငြိမ်ဆေးအဖြစ်သုံးတယ်လို့ လူအများသိထားကြပြီး တချို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အခုအချိန်အထိ အရေးပေါ် မေ့ဆေးအဖြစ် သုံးနေကြတာ တွေ့ရပါတယ်။

Image caption ကက်တမင်းဆေးပုလင်းတွေ

ဒီလို ဆေးဝါးအဖြစ် သုံးနိုင်တဲ့ ကက်တမင်းကို အခုအချိန်မှာတော့ လူငယ်တွေက ညကလပ်တွေမှာ အပျော်အပါးအဖြစ် သုံးစွဲတာ ခေတ်စားလာနေပါတယ်။

ကက်တမင်းကြောင့် သူတို့ဟာ မိုးပေါ်ကိုပျံတက် လွှင့်မျောနေသလို ခံစားရပြီး ပကတိ ပတ်ဝန်းကျင်က လွတ်မြောက်သွားသလို တခြားကမ္ဘာကို ရောက်သွားသလိုပါပဲလို့ ဆိုကြပါတယ်။

နှစ်ပေါင်းများစွာကတည်းက ဆေးဝါးထုတ်လုပ်ဖို့အတွက်သာ ခက်ခက်ခဲခဲ ထုတ်လုပ် အသုံးပြုခဲ့တဲ့ ကက်တမင်းကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ဈေးပေါပေါနဲ့ ဘယ်လိုထုတ်လို့ရမယ်ဆိုတာကို တရုတ် မူးယစ်ဆေး ဂိုဏ်းတွေက ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။

ကမ္ဘာတဝန်း မူးယစ်ဆေးသုံးစွဲမှုကို လေ့လာစောင့်ကြည့်နေတဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မူခင်းဌာနက ဆေးဝါးတုဆိုင်ရာ ကျွမ်းကျင်သူ Martin Raithelhuber ကတော့ ဒီလို တီထွင် ထုတ်လုပ်လာနိုင်တာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ဆိုပါတယ်။

ကက်တမင်းထုတ်လုပ်မှု

မူးယစ်ဆေး ရောင်းဝယ်သူတွေဟာ ကက်တမင်းကို တရားဝင်ထုတ်လုပ်တဲ့နေရာတွေက ခိုးယူစရာ မလိုတော့ဘဲ ကိုယ်တိုင် ကိုယ်ဘာသာ ထုတ်လုပ်လာနိုင်တာဟာ တရုတ်တွေရဲ့ အောင်မြင်မှုတရပ်ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ကက်တမင်းထုတ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းတွေ ရှိတယ်ဆိုတာ သိရပေမယ့် တရုတ်နိုင်ငံလောက် မများဘူးလို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက မူးယစ်ဂိုဏ်းတွေဟာ ကက်တမင်း ထုတ်လုပ်ဖို့ မက်စီကို မူးယစ်ဂိုဏ်းတွေဆီက အကူအညီရခဲ့တာ ဖြစ်နိုင်တယ်လို့လည်း မစ္စတာ Raithelhuber က ပြောပါတယ်။

ဒီလို ကက်တမင်းအမြောက်အများ ထုတ်လုပ်နေတဲ့ ပေါဆယ့် ရွာကို တရုတ်ရဲတွေရဲ့ စီးနင်းမှု အောင်မြင်ခဲ့ပေမယ့် သူတို့ရဲ့အလုပ်က မပြီးသေးဘူးလို့ထင်ကြောင်း ရွာစီးနင်းမှု အစီအစဉ်ဆွဲရာမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

ကျနော်တို့ အခုလို ရွာကို ဝင်စီးနိုင်ဖို့အတွက် ၆ နှစ် အချိန်ယူ စီမံကိန်းချခဲ့ရတယ်၊ ဘာလို့လည်းဆိုတော့ ဒီရွာကို အဆင့်မြင့်အာဏာပိုင်တွေက အကာအကွယ်ပေးထားတာမို့ပါ ဆိုပြီး သူက ပြောပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ပေါဆယ့်ရွာမှာ လူပေါင်း ၁၈၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူတွေထဲမှာ တချို့ဆို မိသားစုလိုက် ပါသွားကြတာတွေ ရှိပါတယ်။ ရွာသားအများက မူးယစ်ဆေး ထုတ်လုပ်တာကို မိသားစုလုပ်ငန်းတခုအနေနဲ့ လုပ်ကိုင်ကြတဲ့အတွက် ဖြစ်ပါတယ်။

မုန်တိုင်းThunder စစ်ဆင်ရေး

ပေါဆယ့်ရွာ စီးနင်းမှုဟာ Thunder စစ်ဆင်ရေးရဲ့ အဓိကအစီအစဉ်တခုဖြစ်ပြီး ဒုစရိုက်လောကမှာ ဩဇာတိက္ကမကြီးသူတွေ ပါဝင်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ (Guangdong) ကွမ်တုံး ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးနှိမ်နင်းမှုကြီးလည်း ဖြစ်ပါတယ်။

တရုတ်တနိုင်ငံလုံးမှာ မူးယစ်ဆေး ထိန်းချုပ်တဲ့ ဝန်ထမ်း၂ သောင်းသာရှိပြီး ကြီးမားရှုပ်ထွေးတဲ့ မူးယစ်ဆေး နှိမ်နင်းရေးတွေမှာ သူတို့အနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်ကြဘူးလို့ တရုတ် မူးယစ်ဆေး ထိန်းချုပ်ရေး ဗျူရိုက ဒါရိုက်တာ Liu Yuejin က တရုတ်မီဒီယာကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကက်တမင်း ဖမ်းဆီးရရှိမှုဟာ ၂၀၁၂ ခုနှစ်မှာ ၄.၇ တန်ရှိပြီး ၂၀၁၄ ခုနှစ်မှာ ၉.၆ တန်ထိ တိုးမြင့်ခဲ့ပါတယ်။

ကက်တမင်းမူးယစ်ဆေးဟာ တရုတ် နဲ့ အာရှမှာပဲ ပြဿနာ ဖြစ်နေတာ မဟုတ်ဘဲ တကမ္ဘာလုံးမှာ ကုန်ကူးနေကြတဲ့အတွက် တခြားနိုင်ငံတွေမှာလည်း သုံးစွဲနေကြတာ ဖြစ်ပါတယ်။

လူငယ်တွေအကြား ကက်တမင်း သုံးစွဲသူများလာတာဟာ ထုတ်လုပ်မှုတိုးလာပြီး ဈေးကွက်ထဲ အမြောက်အများဝင်နေတာကြောင့်လည်း ဖြစ်ပါတယ်။

ကက်တမင်း တရုတ်နဲ့ ဗြိတိန် ဆက်နွယ်မှု

Image caption ခွဲစိတ်ဆရာဝန်ဒေးဗစ်ဂျစ်လတ်

ကက်တမင်းကို ဗြိတိန်နိုင်ငံက Bristol မြို့မှာတော့ မူးယစ်ဆေးသုံးစွဲသူတွေအကြား Bristol Crystal လို့ ခေါ်ကြပါတယ်။ ကက်တမင်းကို ဆယ်ကျော်သက် လူငယ်အတော်များများက လူမြင်ကွင်းမှာ ပြုလုပ်တဲ့ free party တွေမှာ သုံးစွဲလာကြပါတယ်။

Bristol မူးယစ်ဆေးစီမံကိန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Jim Bartlett ကတော့ သူ Bristol မြို့ကို စရောက်တဲ့ ၉၀ ခုနှစ်နှောင်းပိုင်းမှာကတည်းက အဲဒီမြို့ကလူတွေ ကက်တမင်းဆေးကို သုံးစွဲနေကြတာတွေ့ရလို့ အံဩရတယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းမြို့ ဖြစ်တဲ့ Bristol မြို့မှာ အချိန်အတော်ကြာကတည်းက မူးယစ်ဆေးပြန့်နှံနေတာဖြစ်ပြီး ဆိပ်ကမ်းကတဆင့် ဆေးတွေ ဝင်လာသလို ဗြိတိန်က ကျန်ဒေသတွေကိုလည်း ရောက်ရှိနေတာ ဖြစ်ပါတယ်။

ကက်တမင်းသုံးစွဲသူတွေဟာ သူငယ်ချင်းအပေါင်းအသင်းတွေကိုပါ ရောင်းပေးတဲ့အတွက် သူတို့ကိုယ်တိုင် သုံးစွဲဖို့ ပိုက်ဆံပေးစရာမလိုတော့ဘဲ ရောင်းလည်းရောင်း သုံးလည်းသုံးနဲ့ အလွယ်တကူ ရရှိနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလို ပေါပေါလောလော သုံးစွဲမှု နောက်ဆက်တွဲအဖြစ် ကက်တမင်းဆေးစွဲသူ အများစုဟာ ဆီးအိမ်၊ အူနဲ့ ကျောက်ကပ် စတဲ့အတွင်းအင်္ဂါတွေမှာ ရောဂါဖြစ်ကြပါတယ်။

Bristol မြို့က နှစ်ရှည်လများ ကက်တမင်းအရည်ကို အကြောထဲ ထိုးသွင်းသုံးခဲ့ဖူးတဲ့ Travis ဆိုသူကတော့ သူ့မှာ ကက်တမင်းကြောင့် သူအပေါ့သွားတဲ့အခါတိုင်း ပူလောင်နာကျင်တဲ့ဒဏ် ခံစားရပြီး ဝမ်းဗိုက်မှာလည်းနာကျင်တဲ့ဒဏ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဆီးဖက်ဆိုင်ရာ ခွဲစိတ်ကုသမှုဆရာဝန် David Gillatt ကတော့ ဆီးအိမ်ရောင်လို့ သူ့ဆီရောက်လာသူတွေဟာ အများအားဖြင့် ကက်တမင်းသုံးစွဲသူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ ဆီးအိမ်မှာ အမာရွတ်တွေကိုတွေ့ရပြီး ဆီးအိမ်ကောင်းကောင်း အလုပ်မလုပ်နိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ရောဂါဖြစ်တာတွေ ရှိနေပေမယ့်လည်း ကက်တမင်း သုံးစွဲမှုကတော့ လူငယ်တွေအကြားမှာ လျော့ကျ မသွားခဲ့ပါဘူး။

Image caption ဒီလို ဆေးဝါးအဖြစ် သုံးနိုင်တဲ့ ကက်တမင်းကို အခုအချိန်မှာတော့ လူငယ်တွေက ညကလပ်တွေမှာ အပျော်အပါးအဖြစ် သုံးစွဲတာ ခေတ်စားလာနေပါတယ်။

ကက်တမင်းသုံးသူ ရာခိုင်နှုန်း ၈၀-၉၀ လောက်ဟာ ၁၄ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ်တွေ

တရုတ်နိုင်ငံမှာဆိုလည်း ကာရာအိုကေဘားတွေမှာ ကက်တမင်းဟာ လူငယ်တွေရဲ့ အနှစ်သက်ဆုံးအဖြစ် ရှိနေပါတယ်။ ဘားက သီးသန့်ခန်းတွေထဲမှာ လူငယ်တွေဟာ ခရစ်တယ်အခဲကနေ ရရှိတဲ့ ကက်တမင်း အမှုန့်တွေကို ရှူကြတာဖြစ်ပါတယ်။

Shenzhen က ပြည့်တန်ဆာတဦးကတော့ အက်တမင်းကို ကျမရဲ့မိတ်ဆွေတွေနဲ့ အတူသုံးကြတာပါ။ တစ်ယောက်က နောက်တစ်ယောက်ကို မိတ်ဆက်ပေးရင်းနဲ့ အခုတော့ နေ့တိုင်း သုံးနေကြပါတယ်။ သိပ်ပျော်ဖို့ ကောင်းပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

K powder လို့ခေါ်တဲ့ ကက်တမင်းမူးယစ်ဆေးသစ်တမျိုးကို တရုတ်ပြည်မှာ အွန်လိုင်းက မှာယူနိုင်ပြီး နာရီပိုင်းအတွင်း ပေးထားတဲ့လိပ်စာကို အရောက်ပို့ပေးတယ်လို့လည်း သိရပါတယ်။

သူငယ်ချင်းတွေနဲ့ တညလုံးပျော်နိုင်ဖို့အတွက် ကွမ်တုံးမှာ ကက်တမင်း တစ်ထုပ်ကို ၁၆ ဒေါ်လာ မြန်မာကျပ်နဲ့ဆို တသောင်းခြောက်ထောင်လောက်ပဲ ပေးရတာ ဖြစ်ပါတယ်။

Image caption လယ်သမားCai Jinsongနဲ့ သတင်းထောက် Celia Hatton

စီးနင်းမှု နောက်ဆက်တွဲ

ဒီလို လူငယ်တွေ နှစ်သက်တဲ့ ကက်တမင်း အကြီးအကျယ် ထုတ်လုပ်တဲ့ ပေါဆယ့်ရွာကို တရုတ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ မူးယစ်စစ်ဆင်ရေးကြီးအပြီးမှာတော့ ပေါဆယ့်ရွာဟာ အဆိပ်အတောက်တွေ ကင်းစင်သွားတဲ့အကြောင်း တရုတ်မီဒီယာတွေက ပြောဆိုနေတာ ကြားနိုင်ပါတယ်။

ဒီနောက်ပိုင်းမှာ ရွာလူကြီးက ရွာတဝိုက် စောင့်ကြပ်ကြည့်ရှုနေသလို ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်ကလည်း နေ့တိုင်းကင်းလှည့်နေတာကို တွေ့မြင်ကြရပါတယ်။

ရွာထဲမှာတော့ မူးယစ်သန်းကြွယ်သူဌေးတွေ နေထိုင်ခဲ့တဲ့ အိမ်ကြီးအိမ်ကောင်း တိုက်အိမ်ကြီးတွေဟာ လူသူကင်းမဲ့နေကြပါတယ်။

မကြာသေးခင်ကပဲ ဒေသခံ ၁၃ ဦးဟာ မူးယစ်ဆေး ကုန်ကူးမှုနဲ့ သေဒဏ်ချမှတ်တာ ခံလိုက်ရပါတယ်။

ပေါဆယ့်ရွာက လယ်သမားတဦးဖြစ်တဲ့ Cai Jingsong ကတော့ သူတို့ရဲ့ အရင်က လယ်ယာစိုက်မျိုးလုပ်ကိုင်နေတဲ့ ရွာကလေးဟာ ကမ္ဘာကျော်တဲ့ မူးယစ်ဒုစရိုက်မြုံကြီးအဖြစ် ပြောင်းလဲသွားခဲ့တာကို အစအဆုံး တွေ့မြင်ခဲ့သူတယောက်ပါ။

မူးယစ်ဆေး ထုတ်လုပ်ရာမှာ ပါဝင်လုပ်ကိုင်သူတွေဟာ ၁၀ ယောက်မှာ ၉ ယောက်လောက်က အသက်ဆုံးရှုံးကြတဲ့အတွက် သူကတော့ ကြောက်လို့ ဒီအလုပ်ကို မလုပ်တာပါလို့ ဆိုပါတယ်။

ဒီမှာ မူးယစ်ဆေးထုတ်တာတွေ အရှိန်တန့်နေပေမယ့် မူးယစ်ဂိုဏ်းတွေကတော့ အားကောင်းနေဆဲပဲ၊ သူတို့အချင်းချင်းလည်း တိုက်ခိုက်နေကြပြီး အခုအချိန်အထိ သေနတ်တွေ လက်နက်တွေ ဝယ်နေကြတုန်းပဲ၊ မူးယစ်ဆေးလုပ်ငန်းဟာ ဒီမှာ ရှိနေတုန်းပါပဲ၊ ဒါပေမယ့် မမြင်နိုင်တဲ့ နေရာမှာပါလို့ Jingsong က ပြောပါတယ်။

မူးယစ်ဆေးထုတ်လုပ်သူ နာမည်ကြီးတချို့ကတော့ ထွက်ပြေး လွတ်မြောက်နေကြဆဲ ဖြစ်ပါတယ်။

“ရွာမှာ အဓိက မိသားစုကြီး သုံးစုက မူးယစ်ဆေးတွေကို ကုန်ကူးနေကြတာပါ။ မူးယစ်ဆေး ဖော်စပ်နည်းတွေ ရလာတော့ ပထမဆုံး မိသားစုက စလုပ်ခဲ့ပြီး အမြတ်အစွန်းကလည်း အတော်လေးများတယ်။ ဒီလိုနဲ့ပဲ မိသားစု တစုက နောက်တစုကို သင်ပေးနဲ့၊ နှစ်ကြာလာတော့ တရွာလုံးဟာ မက်သအန်ဖက်တမင်း ထုတ်သူတွေ ဖြစ်ကုန်တာပါပဲ” လို့ ပေါဆယ့်ရွာစီနင်းမှုတုံးက အဖမ်းခံရသူတွေထဲမှာပါသူတဦးနဲ့ ဆွေမျိုးတော်စပ်တဲ့ ရွာခံအတွင်းလူ ပြန်ပြောပြပါတယ်။

မူးယစ်ဆေး ထုတ်လုပ်တာက ဈေးကွက် ဝယ်လိုအားပေါ် တည်ပါတယ်။ ကက်တမင်း နဲ့ မက်သအန်ဖက်တမင်းဟာ ရောင်းကောင်းတာ အတူတူပါပဲလို့လည်း သူက ပြောပါတယ်။

မူးယစ်ဆေး ထုတ်သူတွေက မူးယစ်ဆေးလုပ်ရုံသာမကဘဲ ဆေးထဲမှာ ထည့်သုံးရတဲ့ အရေးပါတဲ့ ဓာတုပစ္စည်းတွေကိုလည်း ထုတ်လုပ်ကြတဲ့အပြင် ပေါဆယ့်က မူးယစ်ဂိုဏ်းတွေဟာ တင်ပို့ရမယ့် ဆေးဈေးကွက်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သိထားကြတာကြောင့် ဆေးတွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်ပြီး ကက်တမင်းဟာ အခုဆို မက်သအန်ဖက်တမင်းဆေးတွေထက် ပိုဈေးသက်သာတယ်လို့ အဲဒီအတွင်းလူက ပြောပါတယ်။

မက်သအန်ဖက်တမင်းလိုဆေးတွေဟာ တဖြေးဖြေး လုပ်ရတာ လွယ်လာတဲ့အတွက် ဈေးတွေ ကျဆင်းလာနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Image caption ပေါဆယ်ရွာ

မူးယစ်ဆေး ပြဿနာ အပြတ်နှိမ်နင်းလို

တရုတ်အစိုးရ အာဏာပိုင်တွေကတော့ မူးယစ်ဆေး ပြဿနာတွေကို နှိမ်နင်းမှုတွေ လုပ်နေပါတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားနေကြပါတယ်။

မနှစ်ကလုပ်ခဲ့တဲ့ ၆လ ကြာ ပေါဆယ့်ရွာ မူးယစ်ဆေး စစ်ဆင်ရေးကြီးမှာ ဖမ်းဆီးရရှိမှုပေါင်း ၁ သိန်းကျော် ရှိခဲ့ပြီး မူးယစ်ဆေး သုံးစွဲသူ ၆ သိန်းကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီမူးယစ်စစ်ဆင်ရေးကြီးမှာ ရဲအရာရှိ ၉ ဦးသေဆုံးခဲ့ပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အခုဆို ရဲတွေရဲ့ စောင့်ကြပ်ကြည့်ရှုနေမှုကြောင့် ပေါဆယ့်မှာ မူးယစ်ဆေးလုပ်ငန်းတွေဟာ ပိုမိုသိုသိပ် လျှို့ဝှက်လာကြပေမယ့် မရပ်ကြသေးဘူးလို့ အဲဒီ ပေါဆယ့်ရွာခံကပဲပြောပါတယ်။

ကမ္ဘာတဝန်းမှာ ကက်တမင်း ဖမ်းဆီးရရှိမှုတွေဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း ၈၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ကက်တမင်းဆေးအများစုဟာ တရုတ်နိုင်ငံက ထွက်ရှိတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အထိ ကက်တမင်းဖမ်းဆီးရရှိမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်အကြား နယ်စပ်က ဖြစ်ပါတယ်။