ပန်းချီကား ၁၄၀ ကျော်ကို တရုတ် ပြတိုက်မှူး ခိုးယူ

  • 21 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် နာမည်ကျော် ပန်းချီဆရာတွေရဲ့ ကားတွေ အတော်များများ အတုနဲ့ အစားထိုးခံခဲ့ရ။

တရုတ် နိုင်ငံမှာ တက္ကသိုလ် တစ်ခုရဲ့ ပြတိုက်မှူး တစ်ယောက်က ပန်းချီ ပညာရှင်တွေရဲ့ မူရင်း ပန်းချီကားပေါင်း ၁၄၀ ကျော်ကို ခိုးယူပြီး သူ့ရေးဆွဲတဲ့ ပန်းချီကား အတုတွေနဲ့ အစားထိုး ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

တရုတ် တောင်ပိုင်းက ဂွမ်ကျိုး ပန်းချီ တက္ကသိုလ်မှာ ပြတိုက်မှူး လုပ်ခဲ့တဲ့ ရှောင်ယွမ် ဆိုသူဟာ သူခိုးယူခဲ့တဲ့ ပန်းချီကားပေါင်း ၁၂၅ ကားကို ရောင်းချခဲ့ရာမှာ ဒေါ်လာ ၆ သန်းကျော် ရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပန်းချီကျောင်းမှာ သူအလုပ် စဝင်ကတည်းက တချို့ ပန်းချီကားတွေက အတုတွေ ဖြစ်နေပြီးသားလို့ သူက တရားရုံးမှာ လျှောက်လဲ ခဲ့ပါတယ်။

မစ္စတာ ရှောင်ဟာ ဂွမ်ကျိုး ပန်းချီကျောင်းရဲ့ စတိုခန်း သော့ကို ကိုင်ခဲ့ရသူ ဖြစ်ပြီး တရုတ် နာမည်ကျော် ပန်းချီဆရာ အတော်များများရဲ့ ပန်းချီကားတွေကို ၂၀၀၄ ကနေ ၂၀၀၆ အတွင်း အတုတွေနဲ့ အစားထိုး ခိုးယူခဲ့တာပါ။ သူ့ကို နောက်ပိုင်းမှာ တရားရုံးက ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။

သူ အဲဒီ အလုပ်မှာ ရှိနေစဉ် အတွင်း သူအစားထိုး ထားခဲ့တဲ့ ပန်းချီကား အတုတွေဟာလည်း နောက်ထပ် အတုတွေနဲ့ အစားထိုး ခံထားရတာ တွေ့ရတဲ့အတွက် အံ့သြမိကြောင်းလည်း သူက တရားရုံးမှာ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ