အယ်လ်ဇိုင်းမားကို တားနိုင်မယ့် စမ်းသပ်ဆေး ထွက်ပေါ်

  • 22 ဇူလိုင် 2015
Image caption အယ်လ်ဇိုင်းမား ရောဂါကို ကမ္ဘာအနှံ့ လူ သန်းနဲ့ချီ ခံစားနေရ။

ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာ ခံစားနေရတဲ့ အယ်လ်ဇိုင်းမား ခေါ် မှတ်ဉာဏ် ချို့ယွင်းတဲ့ ရောဂါ ဖြစ်ပွားမှုနှုန်းကို နှေးကွေး စေနိုင်တဲ့ စမ်းသပ် ဆေးဝါး တစ်မျိုး ပထမဆုံး ပေါ်ထွက် လာခဲ့ပါတယ်။

Solanezumab လို့ ခေါ်တဲ့ အဲဒီ စမ်းသပ် ဆေးဝါးကို အစောပိုင်း အဆင့်မှာ လူနာတွေကို ပေးခဲ့မယ် ဆိုရင် စိတ်ကစဉ့်ကလျား ဖြစ်မှုနှုန်းကို သုံးပုံ တစ်ပုံ လျှော့ချနိုင်မယ်လို့ Eli Lilly ဆေးဝါး ကုမ္ပဏီက ပြောပါတယ်။

ဒီဆေးဝါးကို အရင်ကလည်း စမ်းသပ်ခဲ့ဖူးပြီး၊ အဲဒီအချိန်က အယ်လ်ဇိုင်းမား ရောဂါ အစပျိုး အဆင့်ရှိတဲ့ လူနာတွေနဲ့ အလယ်အလတ် အဆင့်ရှိတဲ့ လူနာတွေကို စမ်းသပ် ကုသခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ ၂၀၁၂ ခုနှစ်မှာ ရပ်ဆိုင်း ခဲ့ရပါတယ်။

အခု ထုတ်ပြန်ချက်ကတော့ အယ်လ်ဇိုင်းမား ရောဂါ အစပျိုးခါစ လူနာတွေကို ကုသတဲ့ စမ်းသပ်ချက် တွေကိုသာ စိစစ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ် ကုသမှု အသစ်အတွက် ရလဒ်တွေကို လာမယ့်နှစ်မှာ ထုတ်ပြန်ဖို့ ရှိပြီး တိကျတဲ့ အထောက်အထားတွေ ဖော်ပြနိုင်ဖို့ မျှော်လင့်ရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို လောလောဆယ်မှာ တားဆီးနိုင်တဲ့ ဆေးဝါး မရှိသေးဘဲ၊ အဲဒီ Solanezumab ဆေးကတော့ တားနိုင်မယ့် အလားအလာ ရှိနေပါတယ်။