ဗဟို​ဘဏ် လုပ်​ပိုင်​ခွင့် ပို​ရ​စေ​မယ့် ဥပဒေ​ကို ပြည်​သူ့​လွှတ်တော် အတည်ပြု

  • 24 ဇူလိုင် 2015
_burma_bank ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံခြား ဘဏ်တွေကိုလည်း ဗဟိုဘဏ်က ထိန်းချုပ်လာနိုင်မှာ ဖြစ်တယ်။

ဘဏ် နဲ့ ငွေကြေး ဆိုင်ရာ အဖွဲ့ အစည်း များ ဥပဒေကြမ်း ကို ဇူလိုင် ၂၄ ရက် နေ့ က ပြည့်သူ့ လွှတ်တော် မှာ ကန့်ကွက် သူ မရှိ အတည်ပြု လိုက် ပါတယ်။

မကြာ ခင် အမျိုး သား လွှတ်တော် ကို တင်သွင်း မှာ ဖြစ် ပြီး လွှတ်တော် နှစ်ရပ် ကြား သဘော ကွဲ လွဲ မှု မရှိ ရင် တော့ ဒီ ဥပဒေ ဟာ အတည် ဖြစ် လာ ပါလိမ့် မယ်။

ပြည်တွင်း ဘဏ်လုပ်ငန်း ပညာ ရှင် တွေ အပါအဝင် ကမ္ဘာ့ဘဏ် နဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း က ပညာ ရှင် တွေ နဲ့ တိုင်ပင် ပြီး မြန်မာ နိုင် ငံ ဗဟိုဘဏ် က နှစ်နဲ့ ချီ အချိန်ယူ ရေး ဆွဲ ခဲ့တာ ပါ။

အထူးသဖြင့် ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့် ပိုမို ရရှိ လာအောင် နဲ့ ငွေကြေး ဈေးကွက် တည်ငြိမ်လာဖို့ အတွက် ရည်ရွယ် ရေးဆွဲ ခဲ့တာ ဖြစ်တယ် လို့ ဥပဒေ ရေးဆွဲ ရာမှာ ပါဝင် ခဲ့သူတွေက ပြောပါ တယ်။

လက်ရှိ အခြေ အနေ မှာတော့ ဗဟိုဘဏ် ဟာ သီးခြား ရပ်တည်တဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်တယ် လို့ ဆိုပေမယ့် ဒီအချက် ကို အထောက် အကူ ပြု ကာကွယ် ပေး တဲ့ ဆီလျော် တဲ့ ဥပဒေတွေ မရှိသေး တာ ကြောင့် တချို့ ကိစ္စ တွေ မှာ အစိုးရ ကို တင်ပြ ဆောင်ရွက် ရတာ မျိုး တွေ ဖြစ် နေတယ် ဆိုပြီး ဘဏ်ပညာရှင် တွေ က ဆိုပါတယ်။

ဒါ့ကြောင့် အခု ဥပဒေ သာ အတည် ဖြစ် လာ ခဲ့ ရင် ဗဟိုဘဏ် အနေ နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တွေ အပေါ် သြဇာ သက်ရောက် မှု တွေ ပိုရှိ လာစေ မယ် လို့လည်း ကျွမ်းကျင် သူတွေက သုံးသပ်ပါတယ်။

ဗဟိုဘဏ် ကို စံနစ် ကျန တဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်လာ အောင် အဓိပ္ပာယ် သတ်မှတ် ပြဌာန်းပေးမှာ ဖြစ်တဲ့ အပြင်၊ တခြား ဘဏ်တွေ နဲ့ ငွေကြေး အဖွဲ့ အစည်း တွေ အတွက် လည်း ဘယ်လို ဝန်ဆောင် မှု တွေ ပြုလုပ် ရမယ်၊ ဘယ် လို စည်းမျည်း တွေ လိုက် နာ ရမလဲ ဆိုတာ တွေ ကို နိုင်ငံတကာ စံချိန်စံညွှန်း တွေ အတိုင်း သတ်မှတ် ပေး ဖို့ ရည် ရွယ် ထား တာ ဖြစ် တဲ့ အတွက် အခု ပြည်သူ့ လွှတ်တော် က အတည် ပြုလိုက် တဲ့ ဥပဒေကြမ်း ဟာ အပေါင်း လက္ခဏာ ဆောင် တယ် လို့ မြန်မာ့ ရှေ့ဆောင် ဘဏ် ဒုတိယ ဥက္ကဌ ဦးကျော်စိုးမင်း က ပြောပါတယ်။

လက်ရှိ သက်ဝင် နေတဲ့ ၁၉၉၀ ခုနှစ်က ပြဌာန်းထား တဲ့ ဘဏ်နဲ့ ငွေကြေး ဆိုင်ရာ ဥပဒေတွေ ဟာ ခေတ်ကာလ အခြေ အနေ နဲ့ ကိုက် ညီမှု မရှိ တော့ တဲ့ အတွက် အခုလို ဥပဒေသစ် ပြဌာန်း နိုင် ဖို့ ကြိုးစား လာ တာ ဖြစ် ပါတယ်။

ဒီ ဥပဒေ ကြောင့် ဗဟိုဘဏ် အနေနဲ့ လုပ်ပိုင်ခွင့် ပိုရလာ မှာ ဖြစ်ပေမယ့် တကယ်တမ်း ငွေကြေးဈေးကွက် တည်ငြိမ် ဖို့ အတွက် ကတော့ ဗဟိုဘဏ် က တာဝန် ရှိသူတွေ ရဲ့ စွမ်းဆောင်ရည် ပေါ်မှာ လည်း မူတည်တယ် ဆိုပြီး ဘဏ်ပညာရှင် တွေ က ထောက်ပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ