ကာ့ဒ်​တွေ​ကို တူရကီ ထပ်​ပြီး ဗုံးကြဲ

  • 26 ဇူလိုင် 2015
turkey_ ဓာတ်ပုံ မူပိုင်
Image caption တူရကီ အစိုးရ က တောင်းဆို ထားတဲ့ အတိုင်း အခုဆို နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ ဟာ အင်္ဂါနေ့ မှာ အရေးပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူ ထား။

အီရတ်နိုင်ငံ မြောက်ပိုင်းက ကာ့ဒ်မျိုးနွယ်စု ခွဲထွက်ရေး လက်နက်ကိုင် တွေရဲ့ စခန်း တွေ ကို တူရကီ စစ်လေယာဉ် တွေ က လေကြောင်း တိုက်ခိုက် မှု တွေ ထပ်မံ လုပ်ဆောင် ခဲ့တယ် လို့ သတင်းတွေ ရရှိ နေပါတယ်။

အကြမ်းဖက် ဝါဒ အပေါ် တူရကီ နိုင်ငံ က စစ်ရေး အရ အရေးယူ ဆောင် ရွက် နေတာ တွေ ကို ထောက်ခံ အားပေး ကြောင်း ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ နဲ့ နေးတိုး စစ်မဟာမိတ် အဖွဲ့ တို့ က ပြောကြား လာ ခဲ့တဲ့ နောက် တူရကီ အစိုးရ က အခုလို တိုက်ခိုက် မှု အသစ် တွေ ထပ်မံ လုပ်ဆောင် လာပြန် တာ ဖြစ်ပါတယ်။

ဒါပေမယ့်၊ အီးယူ နဲ့ နေးတိုး တို့ရဲ့ တိုက်တွန်းချက် ထဲ မှာ ကာ့ဒ် လူနည်းစု တွေ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက် တာကို မစွန့်လွှတ် ဖို့ လည်း ပါဝင် ပါတယ်။

တူရကီ နိုင်ငံ လက်ရှိ ကြုံတွေ့ နေရတဲ့ အခြေအနေ အပါအဝင် ဆီးရီးယား ထဲ က IS တွေ ကို လေကြောင်း တိုက်ခိုက် မှု စတင် ကျင့်သုံး လာတဲ့ မူဝါဒ အသစ် တို့ နဲ့ ပတ်သက်ပြီး ဆွေးနွေး ကြဖို့ရာ တူရကီ အစိုးရ က တောင်းဆို ထားတဲ့ အတိုင်း အခုဆို နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ ဟာ အင်္ဂါနေ့ မှာ အရေးပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူ ထား ပါတယ်။

တူရကီ နိုင်ငံ ရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ အစ္စတန်ဘူလ် မှာတော့ ဆန္ဒပြပွဲ တွေ ၃ ရက် မြောက် ဆက်လက် ဖြစ်ပေါ် နေခဲ့ ပြီး Muhammet Fatih Sivri ဆိုတဲ့ ရဲ တစ်ဦး လူအုပ်ခွဲ ဖို့ ကြိုးစားတုန်း ရင်ဘတ် ကို သေနတ် ထိမှန် သေဆုံး ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့ က တူရကီ ရဲတပ်ဖွဲ့ ရဲ့ ဝင်ရောက် စီးနင်းမှု တစ်ခု အတွင်း လှုပ်ရှားတက်ကြွသူ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ရတဲ့ နောက် အခုလို ဆန္ဒပြပွဲ တွေ ဖြစ်ပေါ် လာတာပါ။

IS အဖွဲ့ ကို ထောက်ခံ သူ တွေ ကို ဖမ်းဆီး ဖို့ အဓိက ရည်ရွယ်တယ် ဆိုပေမယ့် တူရကီ နိုင်ငံထဲ က လက်ဝဲ အင်အားစု တွေ ပါ ပစ်မှတ် ထား ခံခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ