အိန္ဒိယ ရဲစခန်း စီးနင်းခံရမှု၊ ၉ ဦး သေဆုံး

  • 27 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ရဲစခန်းကို ပြန်သိမ်းဖို့ အိန္ဒိယ စစ်ဖက် အထူးတပ်ဖွဲ့ဝင်တွေကို အသုံးပြုခဲ့။

အိန္ဒိယ နိုင်ငံ၊ ပန်ဂျပ် ပြည်နယ်မှာ ရဲစခန်းတစ်ခု စီးနင်း ခံရမှုကို လုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်း နိုင်ခဲ့ပြီးနောက် စုစုပေါင်း လူ ၉ ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်သူ သေနတ်သမား ၃ ယောက်စလုံး သေဆုံးခဲ့သလို ပန်ဂျပ် ပြည်နယ် ရဲမှူး အပါအဝင် ရဲအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဦးတို့ သေဆုံး ခဲ့တာပါ။

သေနတ်သမားတွေဟာ ကားတစ်စီးကို အပိုင်စီးခဲ့ပြီးနောက် ဘတ်စ်ကားဂိတ် တစ်ခုကို ပစ်ခတ်ခဲ့ကာ၊ ဂါဒက်စပါး ခရိုင် ရဲစခန်းထဲကို ဝင်ရောက် ခဲ့ကြတာလို့ အရာရှိတွေက ဆိုပါတယ်။

မောင်းပြန် သေနတ်တွေ ကိုင်ဆောင်ခဲ့ပြီး စစ်ယူနီဖောင်းတွေ ဝတ်ထားတဲ့ အဲဒီ သေနတ်သမားတွေဟာ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ပြည်နယ်က ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ကက်ရှ်မီးယား ပြည်နယ်မှာ အလားတူ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပေမယ့် အဲဒီ ပြည်နယ်နဲ့ ကပ်ရပ်က ပန်ဂျပ် ပြည်နယ်မှာ အခုလို တိုက်ခိုက်မှု ဖြစ်တာကတော့ မရှိသလောက် ရှားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ