ယူရို ဥမင်လိုဏ်ကတဆင့် ဗြိတိန်သို့ဝင်

  • 28 ဇူလိုင် 2015
_bbc_304x171_bbc_
Image caption ယူရိုဥမင်ဖြတ် ကုန်ရထား

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ည ဖက် မှာ ပြင်သစ်နိုင်ငံ ကယ်လေ ဘက်ကနေ ဗြိတိန် ဘက် ကူးရအောင် ရွှေ့ပြောင်း ဝင်လာဖို့ ကြိုးစားကြတဲ့ လူဦးရေ ဟာ ၂ဝဝဝ အထိ မြင့်မားခဲ့ပါတယ်။

နိုင်ငံ နှစ်ဘက် စလုံးမှာ လုံခြုံရေး တိုးမြှင့်ထားတဲ့ ကြားက ဒီလူတွေ ဟာ ဥမင်လိုဏ်ခေါင်း အထဲ ကို ရအောင် ဝင် ကြတာ ဖြစ်ပါတယ်။

ပြင်သစ်လုံခြုံရေး တွေ ခတ်ထားတဲ့ စည်းရိုး အမြင့်ကြီး တွေ ဟာ နှစ်နိုင်ငံ အကြား ဖောက်ထားတဲ့ ဥမင်လိုဏ်ခေါင်း အနား ကပ် လို့ မရ အောင် ဆောက်ထား ပေမယ့် ရွှေ့ပြောင်းဝင်လာသူတွေ ဟာ ခြံစည်းရိုးကို ကျော်တက် ပြီး ယူရို ရထားခေါင်မိုး ခိုစီး နိုင်ဖို့ ကြိုးစား သူ ရှိသလို ဥမင် ကို ဖြတ်သူ တွေလည်းရှိ ကြတာပါ။

ဒီပြဿနာ ဟာ တနေ့ထက် တနေ့ ကြီးထွားလာနေတဲ့ အတွက် ကုန်တင် ကားမောင်း သမားတွေ လည်း သူတို့ ကုန်ကားတွေ ပေါ်လည်း ရ အောင် ခိုစီး ကြလို့ အန္တရာယ် လည်း မကင်းပါဘူး။ သေသူ ဒဏ်ရသူတွေ လည်း ရှိပါတယ်။

ဒါကြောင့်မို့ ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး ထရီဇာ မေ က ပြင်သစ် ပြည်ထဲရေး ဝန်ကြီး နဲ့ တွေ့ဆုံပြီး ဒီပြဿနာ အတွက် အဖြေရှာနေပါတယ် လို့ ပြောပါတယ်။

ဗြိတိန်အနေနဲ့ ဒီပြဿနာကြောင့် ယူရိုဥမင် ဖြတ်သန်းကြတဲ့ အခါမှာ မလိုအပ်တဲ့ နှောင့်နှေး ကြန့်ကြာမှု တွေ၊ စိတ် အနှောင့်အယှက် ဖြစ်ရတာတွေ ကြောင့် ကုန်ကား မောင်းသူတွေ ဟာ ဖိစီးမှု ဒဏ်တွေ ခံနေရသလို စီးပွားရေး အပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိနေပါပြီ။ ဒါကြောင့် မို့ ယူကေ အစိုးရ ဘက် က စတာလင်ပေါင် ၇ သန်း အကုန်အကျခံပြီး လုံခြုံရေး တင်းကျပ်မှု ပြုတော့မှာပါ လို့ ဝန်ကြီး ထရီဇာမေ က ပြောပါတယ်။

ရွှေ့ပြောင်းဝင်ဖို့ ကြိုးစားကြသူတွေ ဟာ ဆူဒန်၊ အီရစ်တြီးယား နဲ့ အာဖဂန်နစ္စတန် နိုင်ငံ က များကြောင်း ဘီဘီစီ သတင်းထောက် လူစီဝီလီယမ်ဆင် က ပြောပါတယ်။