ကဒါဖီရဲ့ သားကို စစ်ရာဇဝတ်မှုနဲ့ သေဒဏ်ချမှတ်

  • 28 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကဒါဖီနဲ့ နီးစပ်ခဲ့တဲ့ လူ အယောက် ၃၀ ကျော်ကို ရုံးတင် စစ်ဆေးခဲ့။

လစ်ဗျား နိုင်ငံမှာ အာဏာရှင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားဖြစ်သူ Saif al-Islam ဆာအိဖ် အယ်လ် အစ္စလာမ်ကို ထရီပိုလီမြို့ တရားရုံးက သေဒဏ် ချမှတ် လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က အာဏာရှင်ဟောင်း ကဒါဖီကို ဆန့်ကျင်တဲ့ အုံကြွမှုအတွင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ သူနဲ့အတူ တခြား ၈ ဦးကို သေဒဏ် ချမှတ် ခဲ့တာပါ။

ထောက်လှမ်းရေး အကြီးအကဲဟောင်း Abdallah al-Senussi နဲ့ ဝန်ကြီးချုပ်ဟောင်း Al-Baghdadi al-Mahmudi တို့ကိုလည်း သေဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး ကဒါဖီနဲ့ နီးစပ်ခဲ့တဲ့ လူပေါင်း အယောက် ၃၀ ကျော်ကို ထရီပိုလီမြို့ တရားရုံးမှာ ရုံးတင် စစ်ဆေး ခဲ့တာပါ။

နိုင်ငံတကာ ရာဇဝတ် တရားရုံးက Saif al-Islam ရဲ့ ရှေ့နေကတော့ ဒီတရား စီရင်မှုဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။

ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ တို့ကလည်း ဒီတရား စီရင်မှုဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီကြောင်း ပြောကြပါတယ်။

ပြစ်ဒဏ် ချချိန်မှာ Saif al-Islam ဟာ တရားရုံး ရှေ့မှောက်မှာ ရှိမနေခဲ့ဘဲ၊ ဇင်တန် မြို့မှာ ရှိတဲ့ သူပုန် တပ်ဖွဲ့တစ်ခုရဲ့ ဖမ်းဆီးမှုကို ခံထားရကာ အဲဒီ အဖွဲ့က သူ့ကို လွှဲပြောင်းပေးဖို့ ငြင်းဆို ထားပါတယ်။

အခု စီရင်ချက် အားလုံးဟာ လစ်ဗျား တရားရုံးချုပ်ရဲ့ အတည်ပြုမှုကို စောင့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ