အာဖရိက ခေါင်းဆောင်တွေကို အိုဘားမား သတိပေး

  • 28 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ တစ်ဦး အနေနဲ့ အာဖရိက သမဂ္ဂ ဌာနချုပ်မှာ ပထမဆုံးအကြိမ် စကားပြော။

အာဖရိက တိုက်မှာ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားက အာဖရိကတိုက်ရဲ့ တိုးတက်မှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပေါ်မှာ မူတည် နေတယ်လို့ အာဖရိက ခေါင်းဆောင် တွေကို ပြောလိုက်ပါတယ်။

၅၄ နိုင်ငံ ပါဝင်တဲ့ အာဖရိက သမဂ္ဂရဲ့ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတက အီသီယို ပီးယား နိုင်ငံ၊ အက်ဒိစ် အဘာဘာ မြို့တော်မှာ ပထမဆုံး အကြိမ် မိန့်ခွန်း ပြောခဲ့တာပါ။

ခေါင်းဆောင်တွေ အနေနဲ့ ရာထူး သက်တမ်း ပြည့်ချိန်မှာ ဖယ်ရှား မပေးဘူး ဆိုရင် အာဖရိကတိုက်လည်း တိုးတက်မှာ မဟုတ်ကြောင်း အိုဘားမားက ဆိုပါတယ်။

ဒါ့အပြင် သတင်းသမားတွေ ထောင်ချခံရပြီး အခွင့်အရေး လှုပ်ရှားသူတွေ ခြိမ်းခြောက် ခံနေရမယ် ဆိုရင်လည်း ဒီမိုကရေစီဟာ အမည်သာ ရှိပြီး အနှစ်သာရ ရှိမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။

ဒေသဖွံ့ဖြိုးရေးမှာ သုံးနိုင်တဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာဟာလည်း အကျင့်ပျက် ခြစားမှုတွေကြောင့် အာဖရိကတိုက်ကနေ စီးထွက်နေတယ် လို့လည်း အိုဘားမားက သတိပေး ပြောဆို သွားပါတယ်။

မစ္စတာ အိုဘားမားဟာ အာဖရိကကို ၅ ရက်ကြာ ရောက်ရှိနေတာ ဖြစ်ပြီး အခုလို အာဖရိက သမဂ္ဂ ဌာနချုပ်ကို သွားရောက်မှုဟာ သူ့ရဲ့ နောက်ဆုံး ခရီးစဉ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ