နာမည်ကျော် ခြင်္သေ့ကို ပစ်ခတ်မှု၊ ၂ဦးကို ရုံးထုတ်

  • 29 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မုဆိုး Theo Bronkhorst (ဝဲ)နဲ့ မြေကွက်ပိုင်ရှင် Honest Ndlovu တို့ နှစ်ယောက် လိုင်စင်မဲ့ အမဲလိုက်မှုနဲ့ ရင်ဆိုင်နေရ။

ဇင်ဘာဘွေ နိုင်ငံမှာ အထင်ရှားဆုံး ခြင်္သေ့ကြီး တစ်ကောင်ကို အမေရိကန် ခရီးသွား တစ်ယောက်က ပစ်သတ်ခဲ့မှုနဲ့ ဆက်စပ်ပြီး ဒေသခံ လူ နှစ်ယောက် တရား ရင်ဆိုင်နေရပါတယ်။

ဇင်ဘာဘွေ နိုင်ငံသား မုဆိုး Theo Bronkhorst နဲ့ မြေကွက်ပိုင်ရှင် Honest Ndlovu တို့ နှစ်ယောက်ကို လိုင်စင်မဲ့ အမဲလိုက်မှုနဲ့ စွဲချက် တင်ထားတာပါ။

Cecil လို့ ခေါ်တဲ့ ခြင်္သေ့ကြီးကို အမေရိကန်က သွားဆရာဝန် တစ်ဦး ဖြစ်တဲ့ အမဲလိုက် ဝါသနာပါသူ Walter Palmer က ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဇင်ဘာဘွေကနေ ထွက်ခွာသွားပြီး ဖြစ်ပေမယ့် သူလည်း တရားစွဲဆို ခံရနိုင်ခြေ ရှိပါတယ်။

ခြင်္သေ့ကြီးကို ပစ်ခတ်စဉ် မစ္စတာ Palmer နဲ့အတူ အဖော်လိုက်ပေးခဲ့တဲ့ ဇင်ဘာဘွေသား နှစ်ယောက် အနေနဲ့ ပြစ်မှု ထင်ရှားခဲ့မယ် ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

မစ္စတာ Palmer ကတော့ ခြင်္သေ့ကြီး Cecil ကို ပစ်ခတ် ခဲ့တာကို နောင်တရကြောင်း၊ ဒါပေမယ့် အဲဒီအချိန်က ခွင့်ပြုချက်နဲ့ အမဲလိုက်တာလို့ ထင်ခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

မစ္စတာ Palmer ဟာ လွန်ခဲ့တဲ့ ၉ နှစ်က အမေရိကန်မှာ ဝက်ဝံနက် တစ်ကောင်ကို ပစ်သတ်ခဲ့မှုနဲ့ ပြစ်မှု မှတ်တမ်း ရှိသူလည်း ဖြစ်ပါတယ်။