မလေးရှား လေယာဉ်ပျက် စုံစမ်းရေး ရုရှပယ်ချ

  • 29 ဇူလိုင် 2015
mh17
Image caption မလေးရှား လေယာဉ်ပစ်ချခံရတာ တနှစ်ပြည့်ပြီ

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ မနှစ်က ပစ်ချ ခံခဲ့ရတဲ့ MH17 မလေးရှား လေယာဉ် ကိစ္စ စုံစမ်း စစ်ဆေးရေး အတွက် နိုင်ငံတကာ ရာဇဝတ် ခုံရုံး တခု ဖွင့်လှစ်ဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ မလေးရှား၊ နယ်သာလန်၊ ဘယ်ဂျီယမ်၊ ယူကရိန်းနဲ့ ဩစတြေးလျတို့ တင်သွင်း လာတာကို ရုရှက ဗီတို အာဏာနဲ့ ပယ်ချ ခဲ့ပါတယ်။

လုံခြုံရေး ကောင်စီဝင် ၁၅ နိုင်ငံ အနက် ၁၁ နိုင်ငံက ဒီအဆိုကို ထောက်ခံပြီး တရုတ် အပါအဝင် ၃ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြပါတယ်။

အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ မလေးရှားလေကြောင်း လေယာဉ် ပစ်ချ ခံရမှု ကြောင့် လေယာဉ်ပေါ်ပါ လူ ၂၉၈ ယောက်စလုံး အသက်ဆုံးရှုံး ခဲ့ပြီး အများစုက နယ်သာလန် နိုင်ငံသားတွေပါ။

ရုရှက ဒီပစ်ချ ခံရမှု နောက်ကွယ်မှာ ရုရှ ဘက်သား ခွဲထွက်ရေး သူပုန်တွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အရင်ကလည်း ပယ်ချ ခဲ့ပြီး ယူကရိန်း အစိုးရ ကိုပဲ အပြစ်ဖို့ ခဲ့ပါတယ်။

အနောက်နိုင်ငံတွေကတော့ ရုရှ က ထောက်ပံ့တဲ့ ဒုံးလက်နက် ဒီလေယာဉ်မှာ ထိမှန်တယ် ဆိုတဲ့ သက်သေ သာဓကတွေ ရှိတယ် လို့ပဲ ဆိုနေပါတယ်။

မကျေလည် နိုင်စရာတွေ ဖြစ်ရ

ကုလ သမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် ဆမန်သာ ပါဝါက ရုရှ ရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့ သေဆုံးသူ တွေနဲ့ မိသားစုတွေ အတွက် မကျေလည် နိုင်စရာတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ရုရှဟာ သူရထားတဲ့ အခွင့်အရေးကို နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်ရှိအောင် မကျင့်သုံးခဲ့ဘူးလို့ ဆမန်သာ ပါဝါက ဆိုပါတယ်။

ကုလ သမဂ္ဂ ဆိုင်ရာ ရုရှ သံအမတ် Vitaly Churkin ကတော့ ရုရှ စုံစမ်းရေးတွေလည်း ဒီပျက်ကျတဲ့ နေရာကို ဝင်လို့ မရကြောင်း ပြောပြီး ရုရှ ဘက်ကလည်း ခုံရုံးဖွဲ့ စစ်ဆေးမှု မပါတဲ့ နိုင်ငံတကာ စုံစမ်းရေး အပြည့် လုပ်ဖို့ အဆို တင်သွင်းခဲ့ပါတယ်။

မလေးရှား သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Liow Tiong Lai က ဒီခုံရုံး တည်ထောင်ပေးမှသာ သေဆုံးသူတွေ အတွက် တရားရာကျမှာမို့ ထောက်ခံပေးကြဖို့ လုံခြုံရေး ကောင်စီမှာ ပန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ မှန်းချက်နဲ့ ရလဒ် မကိုက်ခဲ့တဲ့ အတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုတွေ ရှိအောင် ဖန်တီး ပေးရမယ့် အစား ရာဇဝတ်ကျူးလွန်သူတွေကို ဖုံးကွယ် ပေးဖို့ နဲ့ ပဋိပက္ခ နယ်မြေ တွေမှာ လေကြောင်း ပျံသန်းမှုတွေ လုံခြုံမှု ကင်းမဲ့တဲ့ ဘက်ကို အလေးသာ နေပါပြီလို့ မစ္စတာ Liow Tiong Lai က ဆိုပါတယ်။

နယ်သာလန် လေကြောင်း လုံခြုံရေး ဘုတ် အဖွဲ့က ထုတ်မယ့် လေယာဉ်ပျက်ကျမှု အစီရင်ခံစာ အောက်တိုဘာမှာ ထွက်လာဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ