မွမ်ဘိုင်း ဗုံးခွဲမှု၊ သေဒဏ်ပေးခံရသူကို ကွပ်မျက်

  • 30 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption မွမ်ဘိုင်းမြို့ ဗုံးခွဲမှုတွေကြောင့် လူ ၂၅၇ ဦး သေဆုံးခဲ့ရ။

အိန္ဒိယ နိုင်ငံမှာ ၁၉၉၃ ခုနှစ်က ဖြစ်ခဲ့တဲ့ မွမ်ဘိုင်းမြို့ ဗုံးခွဲမှုတွေ အတွက် ငွေကြေး ထောက်ပံ့ ပေးခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ သေဒဏ် ချမှတ် ခံထားရသူ Yaqub Memon ကို ကြာသပတေးနေ့ မနက်က နာ့ဂ်ပူရ်မြို့ အကျဉ်းထောင်မှာ ကြိုးပေး ကွပ်မျက် လိုက်ပါတယ်။

Yaqub Memon ရဲ့ အသနားခံမှုကို တရားရုံးချုပ်နဲ့ သမ္မတတို့က ပယ်ချခဲ့ အပြီးမှာ ကွပ်မျက် ခဲ့တာ ဖြစ်ပါတယ်။

လူပေါင်း ၂၅၇ ဦး သေဆုံးခဲ့ရတဲ့ မွမ်ဘိုင်း ဗုံးခွဲမှုတွေအတွက် ပြစ်ဒဏ် ချမှတ်ခံရသူ ၁၁ ဦးထဲမှာ Yaqub Memon တစ်ယောက်သာ သေဒဏ် စီရင်ခံရသူ ဖြစ်ပြီး ကျန်သူတွေကိုတော့ တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကို ပြောင်းလဲ ပေးခဲ့ပါတယ်။

အဲဒီ ဗုံးခွဲမှုတွေကို အဓိက ကြိုးကိုင် စီစဉ်ခဲ့တယ်လို့ ယူဆကြတဲ့ သူ့ရဲ့ အစ်ကို ဖြစ်သူ Tiger Memon ကတော့ အခုချိန်အထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အဲဒီ ဗုံးခွဲမှုတွေဟာ မဖြစ်ခင် လပိုင်းက ပေါ်ပေါက်ခဲ့တဲ့ မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ပြုလုပ် ခဲ့တာလို့ ယူဆရပါတယ်။

အိန္ဒိယ နိုင်ငံမှာ သေဒဏ် ချမှတ် ခံထားရသူတွေကို ကွပ်မျက်မှု အနည်းငယ်သာ ဖြစ်လေ့ ရှိပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ၃ ဦးကိုသာ ကွပ်မျက် ခဲ့ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ