ဂျူးတွေ မီးရှို့မှု ပါလက်စတိုင်း ကလေးငယ် သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်တစ်လုံးရဲ့ နံရံမှာ 'လက်စားချေမှု' ဆိုတဲ့ ဟီဘရူး စကားလုံးကို တွေ့ရ။

ပါလက်စတိုင်း အနောက်ဘက်ကမ်း ဒေသမှာ ဂျူး ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လက်ချက်လို့ စွပ်စွဲထားတဲ့ မီးရှို့မှုကြောင့် နို့စို့အရွယ် ကလေးငယ် တစ်ဦး သေဆုံး ခဲ့ရမှုအတွက် အစ္စရေးမှာ လုံးဝ တာဝန် ရှိကြောင်း ပါလက်စတိုင်း အရာရှိတွေက ပြောလိုက်ပါတယ်။

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသက ဒူးမား ကျေးရွာမှာ ညပိုင်းအချိန် ပါလက်စတိုင်း နေအိမ် ၂ လုံး မီးရှို့ ခံခဲ့ရတာ ဖြစ်ပြီး ၁၈ လအရွယ် ယောက်ျားလေး တစ်ဦး သေဆုံးခဲ့ကာ သူ့ရဲ့ မိဘတွေနဲ့ အစ်ကိုဖြစ်သူလည်း ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှု ဖြစ်ကြောင်း၊ ဘယ်သူကပဲ ကျူးလွန်သည် ဖြစ်စေ အစ္စရေး အနေနဲ့ အကြမ်းဖက်မှု အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ဆောင်ရွက်မှာသာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ပီအယ်လ်အို ကတော့ ဒီကိစ္စဟာ အနောက်ဘက်ကမ်းမှာ ဂျူး အခြေချ နေထိုင်သူတွေကို ဆယ်စုနှစ်နဲ့ချီပြီး အစ္စရေး အစိုးရက အကာအကွယ် ပေးထားမှုရဲ့ တိုက်ရိုက်အကျိုးဆက် ဖြစ်ကြောင်း၊ ဒါကြောင့် ကလေးငယ် အသတ်ခံရမှုအတွက် အစ္စရေး အစိုးရမှာ လုံးလုံးလျားလျား တာဝန်ရှိကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ