အာဖဂန် အစိုးရနဲ့ မဆွေးနွေးဘူးလို့ တာလီဘန် ခေါင်းဆောင်သစ်ပြော

  • 1 ဩဂုတ် 2015
Image caption တာလီဘန်အဖွဲ့ အတွင်း သဘောကွဲလွဲမှုတွေ ရှိနေတယ် ဆိုတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်နေ

တာလီဘန် ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခံ ခဲ့ရပြီးကတည်းက ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တဲ့ မိန့်ခွန်း အသံသွင်းခွေထဲမှာ မူလာ မန်ဆူက အာဖဂန် အစိုးရနဲ့ တာလီဘန် အဖွဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းနေတယ် ဆိုတာဟာ ရန်သူတွေရဲ့ ဝါဒဖြန့်မှုတခုသာ ဖြစ်တယ်လို့ ဖေါ်ညွှန်း ပြောဆိုခဲ့ပြီး တာလီဘန်အဖွဲ့အနေနဲ့ ဂျီဟာ့ဒ် စစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမယ်လို့ ပြောသွားပါတယ်။

မူလာ မန်ဆူဟာ ပြီးခဲ့တဲ့ လတုန်းက ပါကစ္စတန်မှု တာလီဘန် ခေါင်းဆောင်တွေနဲ့ အာဖဂန် အစိုးရအကြား ဆွေးနွေးပွဲကို ထောက်ခံခဲ့သူလို့ ယူဆထားကြတာ ဖြစ်ပါတယ်။

မူလာ မန်ဆူ အခုလို ပြောဆိုခဲ့ချက်နဲ့ တာလီဘန်အဖွဲ့တွင်း စည်းလုံး ညီညွတ်ကြဖို့ မေတ္တာ ရပ်ခံ ပြောကြားခဲ့ချက်တွေကို ကြည့်ခြင်းအားဖြင့် သူဟာ ခေါင်းဆောင်နေရာကို ကိုင်စွဲထားနိုင်ဖို့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ အုပ်စုဘက်ကို အလျှော့ပေးလိုက်ပုံ ရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။