အိန္ဒိယမှာ တိုက်ဟောင်း ပြိုကျ၊ ၁၁ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် epa
Image caption မွမ်ဘိုင်းမြို့မှာ သက်တမ်း ၇၀ ကျော်တဲ့ အဆောက်အအုံပေါင်း ၁၄၀၀၀ ကျော် ရှိနေ။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့ အနီးမှာ လူနေ အဆောက်အဦး တစ်ခု ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၁၁ ဦး သေဆုံးသွားကြောင်း အိန္ဒိယ ရဲတွေက ပြောပါတယ်။

သိန်း မြို့မှာ ရှိတဲ့ အဆိုပါ ၃ ထပ် အဆောက်အဦဟာ သက်တမ်း အနှစ် ၅၀ ကြာနေပြီ ဖြစ်ပြီး အိန္ဒိယ အစိုးရက လူနေထိုင်ဖို့ မသင့်တဲ့ အန္တရာယ်ရှိ အိုးအိမ်ဟောင်း အဖြစ် ကြေညာ ထားပေမယ့် နေထိုင်သူတွေက အဲဒီနေရာက ထွက်ခွာပေးဖို့ ငြင်းဆို ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ပြိုကျနေတဲ့ အပျက်အစီးတွေ အောက်မှာ ပိတ်မိ နေသူတွေကို ရှာဖွေနေကြဆဲ ဖြစ်ပြီး သေဆုံးသူ ၁၁ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး အသက်ရှင်သူ ၇ ဦးကို ကယ်တင် နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး အရာရှိ Alok Avasthy က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တဝိုက်မှာ အိုးအိမ် အဆောက်အဦးပေါင်း ၁၄၀၀၀ လောက်ဟာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်း ရှိနေပြီ ဖြစ်ပါတယ်။

မွမ်ဘိုင်း မြို့ရဲ့ အိမ်ရာ အဆောက်အအုံ ဈေးတွေနဲ့ အိမ်ငှားခတွေဟာ အာရှက ဈေးအကြီးဆုံး ထဲမှာ ပါဝင်ပြီး အဲဒီမြို့မှာ နေထိုင်သူ လူ ၁၈ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဆင်းရဲသား ရပ်ကွက်နဲ့ အိုးအိမ်ဟောင်းတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် အတွင်းကလည်း အဆောက်အဦးဟောင်း ၁၀၀ ကျော် ပြိုကျခဲ့တဲ့အတွက် ၅၃ ဦး သေဆုံးခဲ့ပြီး ၁၀၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ