ရုရှ က အာတိတ်နယ်မြေတချို့ သူပိုင်လို့ ပြော

  • 4 ဩဂုတ် 2015
3_bbc_304x171_
Image caption အာတိတ်ဒေသ

ရုရှအစိုးရ က အာတိတ်ဒေသ ရှိ စတုရန်းမိုင် ၄၆၃၀၀၀ အကျယ် အဝန်းရှိတဲ့ လွင်ပြင် နေရာ ဟာ ရုရှနိုင်ငံ ပိုင် ဖြစ်တဲ့ အတွက် ကုလသမဂ္ဂ အနေနဲ့ အသိအမှတ် ပြုဖို့ တောင်းဆို လိုက်ပါတယ်။ ဒီလို တောင်းဆိုမှု ကို ၂၀၀၁ ခု နှစ် ကလည်း ရုရှ က ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီ အချိန် က ကုလသမဂ္ဂ ဘက် က မလိုက်လျော ခဲ့ပါဘူး။

ဒီ အာတိတ်ဒေသ ကို ဝိုင်းရံ ထားတဲ့ နိုင်ငံတွေ ကတော့ နော်ဝေး၊ ဒိန်းမတ်၊ ကနေဒါ နဲ့ အမေရိကန် တို့ ဖြစ်ကြပြီး ရုရှ ရဲ့ တောင်းဆိုချက် ကို ဝိုင်းပြီး ကန့်ကွက်ကြပါတယ်။ ဒီတခေါက်မှာတော့ ရုရှ က သိပ္ပံ နည်းကျ တွက်ချက်မှု အရ အဆိုပါ နေရာ ဟာ သူတို့ ပိုင်ဆိုင်တယ် ဆိုတာ ကို သက်သေပြ နိုင်ကြောင်း ရုရှ နိုင်ငံခြားရေးဝန်ကြီး ဌာန က ပြောပါတယ်။

အခုလို အာတိတ် စက်ဝိုင်းဒေသ က မြေနေရာ ကို သူလည်းပိုင်တယ်၊ ကိုယ်လည်းဆိုင်တယ် လို့ အငြင်းပွားနေရခြင်း အကြောင်းက ကမ္ဘာပေါ် မှာ ရှာဖွေ တူးဖေါ်ခြင်း မပြုရ သေးတဲ့ ရေနံ ဓါတ်ငွေ့နဲ့ လောင်စာ သိုက်ရဲ့ စုစုပေါင်း လေးပုံ တပုံဟာ ဒီ အာတိတ် စက်ဝိုင်းဒေသ မှာ ရှိတယ် လို့ ယုံကြည် နေလို့ ပါပဲ။

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ ကလည်း ကမ္ဘာကြီးပူနွေးစ ဖြစ်လာတဲ့ အချိန်မှာ ရေခဲတောင်တွေ အရည်ပျော်ရာ က မြေပြင်ညီ တွေ အဖြစ် ပြောင်းလဲလာတဲ့ အပေါ်မှာ တူးဆွမှု တွေ လုပ်ခဲ့ရင် ပျက်စီးစေမဲ့ အကျိုးသက်ရောက်မှု ကို သတိ ပေးထားပါတယ်။

ကနေဒါ နိုင်ငံ ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ် မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပါမောက္ခ မိုက်ကယ်ဘိုင်ယာစ် ကလည်း ရုရှ ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံ ဖြစ်တဲ့ အတွက် သယံဇာတ အရင်းအမြစ် တွေ လည်း ပေါကြွယ် ဝပြီး ဘယ်နိုင်ငံ က မှ လည်း မယှဉ် ပြိုင်ကြ တဲ့ အကြောင်း သူ့ရဲ့ ရေပိုင်နက် နဲ့ ပတ်သက်လို့ လည်း အနောက်ဖက် က နော်ဝေး နိုင်ငံ နဲ့ ရော အရှေ့ဘက်ရှိ အမေရိကန် နဲ့ လည်း ဖြေရှင်း ပြီးသား မို့ အာတိတ် နယ်မြေ ကို ဖဲ့ယူစရာ မလိုပါဘူး လို့ ပြောပါတယ်။

ရုရှဘက်က အပြောအရ သူ့ရဲ့ ရေတပ် တိုးချဲ့နိုင်ဖို့ အာတိတ်ဒေသ ဘက် အခြေချမဲ့ အကြောင်း အသိပေး လိုက်တာပါ။