တာလီဘန်ရဲ့ နိုင်ငံရေးရုံး အကြီးအကဲ နုတ်ထွက်

ဓာတ်ပုံ မူပိုင် AFP
Image caption တာလီဘန် အဖွဲ့ရဲ့ အငယ်ဆုံး ခေါင်းဆောင်တွေထဲ အပါအဝင် ဖြစ်သူ Syed Tayyab Agha ကို ၂၀၀၁ ခုနှစ်က တွေ့ရစဉ်။

ကာတာ နိုင်ငံမှာ ရှိတဲ့ အာဖဂန် တာလီဘန် အဖွဲ့ရဲ့ နိုင်ငံရေး ရုံးရဲ့ အကြီးအကဲ ရာထူးကနေ နုတ်ထွက် သွားပါတယ်။

ဒါဟာ တာလီဘန် ခေါင်းဆောင် မူလာအိုမာ သေဆုံးပြီးနောက် တာလီဘန် အဖွဲ့အတွင်း အကွဲအပြဲ ဖြစ်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး သတင်းတစ်ခု ဖြစ်ပါတယ်။

နုတ်ထွက်သွားတဲ့ မစ္စတာ Syed Tayyab Agha ရဲ့ ကြေညာချက် ထဲမှာ တာလီဘန် ခေါင်းဆောင်ဟောင်း မူလာအိုမာကို ဆက်ခံသူ အဖြစ် မူလာ မန်ဆောကို ရွေးခဲ့ပုံနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆို ထားပါတယ်။

အာဖဂန် တာလီဘန် ခေါင်းဆောင်သစ်ကို အာဖဂန် ပြည်တွင်းကနေ မရွေးဘဲ ပြည်ပကနေ ရွေးခဲ့တာဟာ အကြီးဆုံး မှားယွင်းမှုပဲလို့ သူက ထုတ်ပြန်ချက်မှာ ပြောဆို ထားတဲ့အတွက် ခေါင်းဆောင်သစ်ကို ပါကစ္စတန်နဲ့ နီးစပ်သူတွေကပဲ ရွေးခဲ့တာလို့ ရည်ညွှန်း ပြောဆိုပုံ ရပါတယ်။

တာလီဘန် ခေါင်းဆောင်ဟောင်း မူလာအိုမာ သေဆုံးမှုကို အတည်ပြုပြီးနောက် ခေါင်းဆောင်သစ် အဖြစ် မူလာ မန်ဆောကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တင်မြှောက်ခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီလို တင်မြှောက်မှုနဲ့ ပတ်သက်ပြီး တချို့ တာလီဘန် အဖွဲ့ဝင်တွေက သူတို့ကို တိုင်ပင် ဆွေးနွေးမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

တာလီဘန် အဖွဲ့ဟာ သူတို့ရဲ့ နိုင်ငံရေး ဆိုင်ရာ ရုံးကို ကာတာ နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စတင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ