ဆီးရီးယားမှာ ခရစ်ယာန်တွေကို IS က ဖမ်းခေါ်သွား

ဓာတ်ပုံ မူပိုင် AP
Image caption IS အဖွဲ့က အသေခံ ဗုံးခွဲ တိုက်မှုတွေ ပြုလုပ်ပြီး ကာယာတိန်း မြို့ကို သိမ်းခဲ့တယ်လို့ သတင်းတွေက ဆို။

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ဟာ ဆီးရီးယား နိုင်ငံထဲက မြို့တစ်မြို့ကို သူပုန်တွေ လက်ထဲကနေ သိမ်းပိုက် ခဲ့ပြီးနောက် ခရစ်ယာန် အများစု ပါဝင်တဲ့ ဒါဇင်နဲ့ ချီတဲ့ လူတွေကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဟွမ်းစ် ခရိုင်ထဲက အယ်လ် ကာယာတိန်း al-Qaryatain မြို့ကို IS စစ်သွေးကြွတွေက သိမ်းပိုက်ပြီးနောက် ရှင်းလင်းစဉ် အဲဒီ လူတွေ ဖမ်းဆီး ခံခဲ့ကြရတာပါ။

ခရစ်ယာန် အများအပြားဟာ အလက်ပို ခရိုင်က တိုက်ပွဲတွေကို ရှောင်ဖို့ အတွက် အဲဒီ အယ်လ် ကာယာတိန်း မြို့ကို ထွက်ပြေး ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

IS စစ်သွေးကြွတွေဟာ အရင်က သူတို့ ဖမ်းမိတဲ့ ခရစ်ယာန်တွေကို ဘာသာ ပြောင်းခိုင်းတာ၊ ဘာသာရေး အခွန် ကောက်တာ၊ ဒါမှမဟုတ်ရင် သတ်ပစ် တာတွေ လုပ်ခဲ့ဖူးပါတယ်။

ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အဆိုအရ အနည်းဆုံး လူ ၂၃၀ လောက် အယ်လ် ကာယာတိန်း မြို့ကနေ ဖမ်းဆီး ခံခဲ့ကြရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ