ရေချိုကို ဓါတ်ခွဲစမ်းသပ်ပြီး မုတ်သုံရာသီကို ခန့်မှန်းနိုင်မလား

  • 11 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အချိန်တိုအတွင်း မိုးပြင်းထန်စွာ ရွာသွန်းခဲ့တာတွေကြောင့် တောင်အာရှမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးရွာသွန်းမှုနဲ့ မြစ်ရေ စီးဆင်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဆားငန်ဓာတ်မပါတဲ့ ရေချိုတွေဟာ ရေလွှာပြင်တစ်ခုအသွင်နဲ့ အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိနေပြီး အဲဒီရေလွှာထုဟာ တောင်အာရှက မုတ်သုံရာသီအပေါ် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုနေကြပါတယ်။

မိုးလေဝသခန့်မှန်းချက်တွေ လုပ်ရာမှာ ရေချိုကို ဓါတ်ခွဲစမ်းသပ်တဲ့ နည်းကိုလည်း နည်းလမ်းတခုအဖြစ် ထည့်သွင်းလုပ်ဆောင်သွားဖို့ သိပ္ပံပညာရှင်တွေက မိုးလေဝသပညာရှင်တွေကို တိုက်တွန်းထားပါတယ်။

တောင်အာရှမှာရှိတဲ့ မိုးလေဝသပညာရှင်တွေကတော့ ရေချိုစမ်းသပ်မှုကို ထည့်သွင်းစဉ်းစားဖို့ သူတို့အနေနဲ့ နှောင့်နှေးနေခဲ့ကြတယ်လို့ ဝန်ခံပြောဆိုခဲ့ကြပါတယ်။

သူတို့ဟာ မုတ်သုံမိုးကို ကြိုတင်ခန့်မှန်းနိုင်ဖို့အတွက် ရာသီဥတုပြောင်းလဲမှု အပါအဝင် အကြောင်းအရာအမျိုးမျိုးတွေကိုပဲ ကြိုးစားလေ့လာသုံးသပ်နေကြရတာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဇွန်လနဲ့ စက်တင်ဘာလအတွင်း မုတ်သုံမိုးရွာသွန်းမှုဟာ ၇၀ ရာခိုင်နှုန်းရှိပေမယ့် အခုနှစ်ပိုင်းတွေမှာတော့ မုတ်သုံရာသီ ခြောက်သွေ့ကာလ ပိုကြာရှည်လာပြီးတော့ အချိန်တိုအတွင်း မိုးပြင်းထန်စွာ ရွာသွန်းခဲ့တာတွေကြောင့် တောင်အာရှမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီနှစ် ဇွန်လမှာဆို သာမန်ထက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပေမယ့် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ပုံမှန်ရွာသွန်းမှုထက် မိုးနည်းမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ပြတ်နေတဲ့ ကွင်းဆက်လား

ဓာတ်ပုံ မူပိုင် Reuters
Image caption မုတ်သုံမိုး

သဘာ၀ရေချိုဓာတ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေဟာ မုတ်သုံမိုးကို ခန့်မှန်းနိုင်တဲ့ ပြတ်နေတဲ့ အရေးပါတဲ့ ကွင်းဆက်လို့ တောင်အာရှ ဒေသတွင်းရှိ မိုးလေဝသ ပညာရှင်တချို့ကတော့ ယူဆကြပါတယ်။

အဓိကမြစ်တွေဖြစ်တဲ့ ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တရမြစ်နဲ့ ဧရာဝတီမြစ်တို့ဟာ ဘင်္ဂလားပင်လယ်အော်ထဲ စီးဆင်းဝင်ရောက်ကြတာဖြစ်ပါတယ်။

နိုင်ငံတကာက သိပ္ပံပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မုတ်သုံရာသီ အပြောင်းအလဲအပေါ် သက်ရောက်မှုရှိနိုင်မယ့် အဲဒီ အဓိကအချက်ကို သိရှိနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေ စီးဆင်းမှုတွေကြောင့် ဖြစ်လာတဲ့ ရေချို အမြောက်အမြားဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိပြီး သာမန်နဲ့မတူတဲ့ ရေပြင်လွှာထုတခုကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ ရေလွှာပြင်ရဲ့ ရေနမူနာတိုင်းတာချက်တွေကို မုတ်သုံခန့်မှန်းချက်အဖြစ် ထည့်သွင်းစဉ်းစားတာ မရှိခဲ့ဘူးလို့ အိန္ဒိယနဲ့ အမေရိကန် သိပ္ပံပညာရှင်တွေ နဲ့အတူ ဘင်္ဂလားပင်လယ်အတွင်း သုတေသနလုပ်နေတဲ့ ဝါရှင်တန် တက္ကသိုလ်က အဏ္ဏဝါဗေဒ ပညာရှင် ပရောဖက်ဆာ Eric A. D'Asaro က ပြောပါတယ်။

ဒီလိုထည့်သွင်း မစဉ်းစားခဲ့တာကြောင့် မုတ်သုံရာသီအတွင်း မုတ်သုံမိုး အပြောင်းအလဲတွေကို ကြိုတင် မခန့်မှန်းနိုင်ခဲ့တဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။

မိုးရေနဲ့မြစ်ရေတွေက သမုဒ္ဒရာရေမျှက်နှာပြင်ပေါ်မှာ ပေါ့ပါးတဲ့ ရေလွှာတစ်ခု ဖြစ်ပေါ်စေပြီး မိုးရွာသွန်းမှု ဖြစ်စဉ်ကို အားကောင်းစေတာဖြစ်ပါတယ်။ ဆားငန်ဓာတ်ပါတဲ့ ပင်လယ်ရေကတော့ မိုးရွာသွန်းမှုဖြစ်စဉ်ကို နှေးကွေးစေတာဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ် မိုးလေဝဌာနက ဒု-ညွှန်ကြားရေးမှူးချုပ် Shamshuddin Ahmed က သူတို့ရဲ့ မုတ်သုံခန့်မှန်းချက်တွေဟာ လေတိုက်ခတ်မှုလမ်းကြောင်း၊ လေတိုက်နှုန်းနဲ့ လေထုတွင်း ရေငွေ့ပါဝင်မှုနှုန်း စတာတွေကိုတာ တိုင်းတာကြပြီး မုတ်သုံရာသီ အပြောင်းအလဲဖြစ်စေနိုင်တဲ့ ရေချိုရဲ့အခန်းကဏ္ဍကို မိုးလေဝသခန့်မှန်းချက် စံတခုအဖြစ် ထည့်သွင်း မစဉ်းစားမိဘူးလို့ ဆိုပါတယ်။

ပါကစ္စတန်မှာ နိုင်ငံတကာက မိုးလေဝသ ခန့်မှန်းတဲ့ စမ်းသပ်ချက်တွေကို မမှီငြမ်းဘဲ ပင်လယ်ရေမျက်နှာပြင် အပူချိန် တိုင်းတာချက်အရသာ မုတ်သုံမိုး ကြိုတင်ခန့်မှန်းချက် ထုတ်ပြန်ကြတာ ဖြစ်တယ်လို့ ပါကစ္စတန် မိုးလေဝသပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမယ့် ပင်လယ်ရေမျက်နှာပြင် အပူချိုန် တိုင်းတာရာမှာ ရေချိုပါဝင်မှုကို ထည့်သွင်း မစဉ်းစားခဲ့ကြကြောင်းလည်း ဝန်ခံပြောကြားခဲ့ကြပါတယ်။

ပါကစ္စတန်မှာ မိုးရွာသွန်းမှု ၆၀ ရာခိုင်နှုန်းဟာ အိန္ဒိယဘက်က လာတဲ့ မုတ်သုံမိုးဖြစ်ပြီး ကျန်တဲ့ မိုးရွာသွန်းမှုတွေကတော့ ဒီဇင်ဘာနဲ့ ဖေဖော်ဝါရီလအတွင်း အာရေဘီယံပင်လယ်ဘက်က လာတဲ့ မုတ်သုံဆောင်းမိုး ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံသာ မဟုတ်ဘဲ တောင်အာရှဒေသတွင်းက သိပ္ပံပညာရှင်တွေပါ ရေချိုရဲ့ ပါဝင်မှု သဘောသဘာ၀တွေကို မသိရှိကြသေးဘဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေတယ်လို့ ပါကစ္စတန် မိုးလေဝသဌာနက ညွန်ကြားရေးမှူး Mohammed Hanif က ပြောပါတယ်။

အိန္ဒိယရဲ့ အခြေအနေ

အပူပိုင်း မိုးလေဝသဆိုင်ရာ အိန္ဒိယတက္ကသိုလ်က သိပ္ပံပညာရှင်တွေက သူတို့ရဲ့ မိုးလေဝသ စံချိန်စံညွှန်းတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီး ရေချိုပါဝင်မှုနဲ့ မုတ်သုံမိုးတို့အကြား အပြန်အလှန်ဆက်စပ်မှု အကြောင်းရင်းတွေကိုပါ ရှာဖွေဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရ မိုးလေဝသဌာန အကြီးအကဲ LS Rathore ကတော့ ပင်လယ်ရေမျက်နှာပြင် အပူချိန်က မုတ်သုံမိုးရွာသွန်းမှုအပေါ် သက်ရောက်မှု ရှိပေမယ့် အခုရေချို စမ်းသပ်မှုက ရေရှည် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း နားမလည်ကြသေးဘဲ သုတေသနလုပ်ငန်းတွေနဲ့ ရှင်းလင်းအောင် အရင် လုပ်ဆောင်ကြဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားပင်လယ် တဝိုက်က နိုင်ငံတွေက မုတ်သုံ ခန့်မှန်းချက် စံတွေထဲမှာ ရေချိုစမ်းသပ်မှုကို ထည့်သွင်းမယ်ဆိုရင်တောင် လိုအပ်တဲ့ အချက်အလက် အသေးစိတ်တွေ မရရှိနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အခုလောလောဆယ်မှာ မြစ်ရေစီးဆင်းမှုနဲ့ပတ်သက်ပြီး ရေရှည်အတွက် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေဟာ ပြည့်စုံမှုမရှိသလို နှစ်စဉ် ထုတ်ပြန်မှုတွေ မရှိသေးကြောင်း၊ ဘာလို့လည်းဆိုတော့ ဒေသတွင်း နိုင်ငံတွေအချင်းချင်းကြားမှာ ဒီအချက်အလက်တွေကို လူသိထင်ရှားထုတ်ပြန်လိုမှု မရှိကြတဲ့အတွက်ကြောင့် ဖြစ်ကြောင်း ဘင်္ဂလားပင်လယ်တွင်း သုတေသန စီမံကိန်းမှာ ပါဝင်တဲ့ အိန္ဒိယက ရာသီဥတုဆိုင်ရာ ပညာရှင် ပရော်ဖက်ဆာ BN Goswami က ပြောပါတယ်။

နှစ်အလိုက် ခြားနားချက်တွေရှိတဲ့ ပင်လယ်သမုဒ္ဒရာထဲ ကျရောက်တဲ့ ရေချိုပမာဏဟာ မုတ်သုံမိုးအပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို နားလည်ဖို့ အင်မတန်အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

ရေ အရင်းအမြစ်ဆိုင်ရာ အချက်အလက်တွေ ဝေမျှရေး နဲ့ပတ်သက်လို့ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား အငြင်းပွားနေတာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါတယ်။

သမုဒ္ဒရာအတွင်းရှိ ဆားငန်ဓာတ်နဲ့ မုတ်သုံဖြစ်စဉ်တွေမှာ ရေချိုရဲ့ ဓာတ်ပြုနိုင်မှု သတ္တိတွေကို တကယ်သိရှိလိုတယ်ဆိုရင်တော့ အဆိုပါ နိုင်ငံတွေအနေနဲ့ နားလည်မှုရှိကြရမှာ ဖြစ်တယ်လို့ မစ္စတာ Goswami က ပြောဆိုခဲ့ပါတယ်။

(အထက်ပါ ဆောင်းပါးဟာ ဘီဘီစီသတင်းထောက် Navin Singh Khadka ရဲ့ South Asia monsoon: Analysing fresh water could be key to forecast ကို ဆီလျှော်အောင် ပြန်ဆိုရေးသားထားတာ ဖြစ်ပါတယ်။)