အာဖဂန် လေဆိပ်အနီး တာလီဘန် အသေခံ ဗုံးခွဲ

  • 10 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တာလီဘန်တွေ တိုက်ခိုက်မှုကြောင့် ကာဘူးလ်မြို့မှာ ရက်ပိုင်း အတွင်း ၅၀ ကျော် သေဆုံး။

အာဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူးလ် မြို့တော်မှာ နိုင်ငံတကာ လေဆိပ် အဝင်အဝ အနီးက စစ်ဆေးရေး ဂိတ်တစ်ခုကို တာလီဘန် တစ်ဦးက အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တဲ့ အတွက် လူ ၅ ဦး သေဆုံး သွားပါတယ်။

အသေခံ ဗုံးခွဲမှုကြောင့် အရပ်သား ၄ ဦးနဲ့ ရဲအရာရှိ ၁ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၁၆ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တာလီဘန် ပြောခွင့်ရသူ တစ်ဦးကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံခြားသားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာလို့ ဆိုပြီး၊ အဲဒီ ယာဉ်တန်းက နိုင်ငံခြားသားတွေ အသေအပျောက် ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခု တနင်္လာနေ့ တိုက်ခိုက်မှုဟာ တာလီဘန် ခေါင်းဆောင်သစ် တင်မြှောက်ပြီး နောက်ပိုင်း ဆက်တိုက် ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ အနက် နောက်ဆုံး တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ကလည်း ကာဘူးလ်မြို့ တဝိုက်မှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှု ၃ ခု ဖြစ်ပွားခဲ့ပြီး လူ ၅၀ လောက် သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ