ဖာဂူဆန် ဆန္ဒပြပွဲမှာ လူငယ်တစ်ဦး ပစ်ခတ်ခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆို။

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်က ဖာဂူဆန် မြို့မှာ ဆယ်ကျော်သက် လူမည်း မိုက်ကယ် ဘရောင်း ပစ်သတ် ခံခဲ့ရတဲ့ အမှုအတွက် တစ်နှစ်ပြည့် နှစ်ပတ်လည် ချီတက်ပွဲမှာ လူငယ်တစ်ဦး ပစ်ခတ် ခံခဲ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဆိုင် အများအပြား လုယက် ဖျက်ဆီး ခံခဲ့ရပြီးနောက် အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရဲ အရာရှိတွေက ပြောပါတယ်။

ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွင်းချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ပေါ်ပေါက် ခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုကို အကြမ်းဖက်တဲ့ လူတချို့က နှောက်ယှက် ခဲ့တာ ဖြစ်တယ်လို့ စိန့် လူးဝစ် ခရိုင် ရဲမှူး Jon Belmar က ပြောပါတယ်။

ပစ်ခတ် ခံရတဲ့ လူငယ်ဟာ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ