ဂျပန် နျူဓာတ်ပေါင်းဖို ပထမဆုံး ပြန်လည်ပတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျူးရှူး လျှပ်စစ် ကုမ္ပဏီရဲ့ ဆန်ဒိုင်း နျူကလီးယား ဓာတ်ပေါင်းဖိုကို ပထမဆုံး ပြန်ဖွင့်။

ဂျပန် နိုင်ငံမှာ ၂၀၁၁ ဖူကူရှီးမား နျူကလီးယား စက်ရုံ မတော်တဆမှု ဖြစ်ပွားပြီးနောက် နိုင်ငံအနှံ့က နျူကလီးယား ဓာတ်ပေါင်းဖို တွေကို ပိတ်ထား ခဲ့ရာမှာ အခုတော့ အဲဒီ အထဲက ပထမဆုံး တစ်ခုကို ပြန်လည် ဖွင့်လှစ် လည်ပတ် လိုက်ပါတယ်။

၂၀၁၁ ခုနှစ်က ငလျင်ဒဏ်နဲ့ ဆူနာမီ လှိုင်းဒဏ်တွေကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံ ပျက်စီး ယိုစိမ့်မှုတွေနဲ့ ကြုံတွေ့ ခဲ့ပြီးနောက် ဂျပန် နိုင်ငံ တဝန်းက နျူကလီးယား စက်ရုံတွေ အားလုံးကို တဖြည်းဖြည်းချင်း ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ လုံခြုံရေး ဆိုင်ရာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ အောင်မြင် ခဲ့ပြီးနောက် ဒီကနေ့ အင်္ဂါနေ့မှာ ဆန်ဒိုင်း နျူကလီးယား စက်ရုံရဲ့ အမှတ် ၁ ဓာတ်ပေါင်းဖိုကို ကျူးရှူး လျှပ်စစ် စွမ်းအင် ကုမ္ပဏီက ပြန်လည် စတင် လည်ပတ် ခဲ့တာပါ။

ဒါပေမယ့် နျူကလီးယား စွမ်းအင် ပြန်လည် အသုံးပြုမှု အပေါ် အများပြည်သူတွေရဲ့ စိုးရိမ် ပူပန်မှုတွေ ပြင်းပြင်းထန်ထန် ရှိနေဆဲ ဖြစ်ပါတယ်။

ဆန်ဒိုင်း နျူကလီးယား စက်ရုံ အပြင်ဘက်မှာ ဆန္ဒပြမှုတွေ ရှိခဲ့သလို အဲဒီ စက်ရုံနဲ့ မိုင် ၆၀၀ လောက် ဝေးတဲ့ တိုကျိုမြို့က ဝန်ကြီးချုပ် ရှင်ဇို အဘေးရဲ့ နေအိမ် ရှေ့မှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ