MH17 ပျက်ကျမှု၊ ရုရှားလုပ် ဒုံးကျည် အစအန တွေ့ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား လိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေမှာ MH17 ပျက်ကျခဲ့။

ယူကရိန်း အရှေ့ပိုင်းက MH17 လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရုရှားလုပ် ဒုံးကျည် တစ်ခုရဲ့ အကြွင်းအကျန် တွေလို့ ယူဆရတဲ့ အစအန တွေကို တွေ့ခဲ့ရကြောင်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

မြေပြင်မှ ဝေဟင်ပစ် ရုရှားလုပ် ဘုခ် ဒုံးကျည်က ဖြစ်ဖွယ်ရှိတဲ့ အဲဒီ အပိုင်းအစတွေဟာ အဓိက အာရုံစိုက်ဖွယ် ဖြစ်ကြောင်း၊ ဘယ်သူတွေရဲ့ လက်ချက်ကြောင့် လေယာဉ် ပျက်ကျတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အကူအညီ ဖြစ်နိုင်ကြောင်း နယ်သာလန် နိုင်ငံမှာ ရောက်နေတဲ့ ပူးပေါင်း စစ်ဆေးရေး အဖွဲ့က ပြောပါတယ်။

ဒါပေမယ့် သူတို့ တွေ့ခဲ့တဲ့ အဲဒီ အပိုင်းအစတွေနဲ့ လေယာဉ် ပျက်ကျမှု အကြား တိုက်ရိုက် ဆက်နွယ်မှုကိုတော့ သက်သေ မပြရသေးကြောင်း သူတို့က ဆိုပါတယ်။

မလေးရှား လေကြောင်းပိုင် MH17 လေယာဉ်ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လက ယူကရိန်း အရှေ့ပိုင်း သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေမှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားတဲ့ လူ ၂၉၈ ဦးလုံး သေဆုံး ခဲ့ရပါတယ်။

ယူကရိန်း အစိုးရနဲ့ အနောက် နိုင်ငံတွေကတော့ ရုရှား လိုလားတဲ့ သူပုန်တွေက ရုရှားတွေဆီက ရတဲ့ ဘုခ် ဒုံးကျည်နဲ့ လေယာဉ်ကို ပစ်ချ ခဲ့တာလို့ စွပ်စွဲ ထားပါတယ်။

ရုရှား အစိုးရနဲ့ သူပုန်တွေကတော့ လေယာဉ် ပျက်ကျမှုဟာ ယူကရိန်း အစိုးရ စစ်တပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ပြန်လှန် စွပ်စွဲ ထားပါတယ်။

ဒီအမှုကို စစ်ဆေးနေတဲ့ ပူးပေါင်း အဖွဲ့ထဲမှာ နယ်သာလန်၊ ယူကရိန်း၊ မလေးရှား၊ သြစတြေးလျ၊ ယူကေ၊ အမေရိကန်နဲ့ ရုရှား နိုင်ငံတို့က ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

အဲဒီ ပူးပေါင်း အဖွဲ့ဟာ လေယာဉ် ပျက်ကျပုံ အစီရင်ခံစာ မူကြမ်းအတွက် သည်ဟေ့ဂ်မြို့မှာ လောလောဆယ် တွေ့ဆုံ ဆွေးနွေးနေပြီး၊ အစီရင်ခံစာ အချောကိုတော့ လာမယ့် အောက်တိုဘာ လမှာ ထုတ်ပြန်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ