တိယန်ကျင်းမြို့ ပေါက်ကွဲမှု၊ သေဆုံးသူ တိုးလာ

  • 13 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပေါက်ကွဲမှုအပေါ် အသေးစိတ် စုံစမ်း စစ်ဆေး သွားမယ်လို့ တရုတ် သမ္မတက ပြော။

တရုတ်နိုင်ငံ မြောက်ပိုင်းက ဆိပ်ကမ်းမြို့ ဖြစ်တဲ့ တိယန်ကျင်း မြို့မှာ ပေါက်ကွဲမှုကြီး ၂ ခု ဖြစ်ပွားခဲ့ရာမှာ အယောက် ၅၀ သေဆုံးတယ်လို့ ခုချိန်အထိ အတည်ပြုနိုင်ပြီး ဒဏ်ရာရသူ အယောက် ၇၀၀ ကျော် ရှိခဲ့ပါတယ်။

အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေ သိုလှောင်ရာ ကုန်လှောင်ရုံ တစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးတောက် မီးလျှံတွေဟာ အာကာသကနေ လှမ်းမြင်ရနိုင်တဲ့အထိ ကြီးမားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မီးသတ်သမား ၁၂ ဦး ပါဝင်ပြီး၊ မီးသတ်သမား ၃၆ ဦးကလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ပေါက်ကွဲမှု အရှိန်နဲ့ လွင့်ပျံလာတဲ့ ဖန်ကွဲတွေ၊ အစအနတွေကြောင့် ဒဏ်ရာရသူ အများအပြားဟာလည်း ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ ဒဏ်ရာရသူတွေ အနေနဲ့ ၇၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အခု ပေါက်ကွဲမှုအပေါ် စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး လူထုကို မခြွင်းမချန် ချပြ အသိပေးသွားမယ်လို့ သမ္မတ ရှီကျင်းပင်က ကတိပေးခဲ့ကြောင်း ရှင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ