ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိ ဟင်းတခွက်

  • 14 ဩဂုတ် 2015
Image caption ဒေသခံတွေရဲ့ အနှစ်ခြိုက်ဆုံး ရိုးရာအစာတစ်ခုဖြစ်တဲ့ koi plaa ငါးစင်းကော

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ငါးစိမ်းနဲ့လုပ်တဲ့ ရိုးရာအစာတစ်မျိုးကြောင့် ဒေသတွင်းမှာ အသည်းကင်ဆာ ဖြစ်ပွားမှု များလာတာကို တွေ့ရှိရပြီးတဲ့နောက်မှာ ဆရာဝန်တွေက ဒီဘေးအန္တရယ်အတွက် အသိပညာပေးမှုတွေ ကြိုးစားဆောင်ရွက်နေကြပါတယ်။

ထိုင်းနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံလောက် နေထိုင်ကြတဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ပင်လယ်နဲ့ဝေးတဲ့ Isaan (အီစံ) ကုန်းပြင်မြင့်ဟာ ခြောက်သွေ့ပြီး အဲဒီဒေသမှာနေထိုင်သူ အများစုဟာ လာအိုမျိုးနွယ်စုတွေ ဖြစ်ကြသလို ဆင်းရဲနွမ်းပါးသူတွေလည်း ဖြစ်ကြပါတယ်။ လာအိုနိုင်ငံကတော့ ရရာ အဆင်ပြေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်သုံးပြီး ခပ်စပ်စပ် ချက်တဲ့ ဟင်းချက်နည်းအဆန်းတွေကြောင့် လူသိများကြပါတယ်။

Isaan ဒေသက မြစ်တွေ ကန်တွေ ရှိတဲ့နေရာမှာဆို ဖမ်းမိတဲ့ ငါးသေးလေးတွေကို အစိမ်းလိုက်နုပ်နုပ်စင်း၊ ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်တွေ၊ သံပုရာရည်နဲ့ ခါချဉ်ကောင်အရှင်တွေထည့်ပြီး လက်နဲ့ရောနယ်ထားတဲ့ koi plaa ခေါ် အနံ့စူးတဲ့ ငါးစင်းကောသုတ် တစ်မျိုးဟာ ဒေသခံတွေရဲ့ အနှစ်ခြိုက်ဆုံး ရိုးရာအစားအစာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟင်းလျာဟာ အသက်အန္တရာယ် ကြီးမားလှပါတယ်။

ထိုင်းအရှေ့မြောက်ပိုင်းဒေသက ဒေသခံတွေအကြား အသဲကင်ဆာဖြစ်ပွားမှုနှုန်း သိသိသာသာမြင့်တက်နေတာ နှစ်ပေါင်း ဆယ်နှစ်ကျော်ကြာနေပြီဖြစ်ပြီး အမျိုးသားတွေမှာဆို ကင်ဆာရောဂါ ဖြစ်ပွားသူတွေရဲ့ တဝက်ကျော်က အသဲကင်ဆာ ဖြစ်နေကြသူတွေပါ။

ဒီလို အသဲကင်ဆာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာဟာ ငါးစိမ်းရဲ့ အသားမှာပါတဲ့ liver fluke လို့ခေါ်တဲ့ သန်ကောင်ပြား ကပ်ပါးအမျိုးအစားတစ်ခုနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သိရှိနေတာ အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို ဒေသခံတွေရဲ့ စားသောက်ပုံ ပြောင်းလဲအောင် ငါးစင်းကောkoi plaa ကို စားခါနီးမှာ ပိုးသေအောင် မီးနဲ့ချက်စားဖို့ တိုက်တွန်းနှိုးဆော်မှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကပဲ ကြိုးစားလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ကပ်ပါးပိုး ပျံ့ပွားမှု

Image caption အညစ်အကြေးစွန့်ရာကနေ ကပ်ပါးပိုး ဥတွေ ရေထဲကို ကျရောက်

ငါးစားရာကနေ တဆင့် ခန္ဓာကိုယ်ထဲကို ကပ်ပါးပိုးတွယ်ကပ်ခံရသူတွေ အညစ်အကြေးစွန့်ရာကနေ အဲဒီပိုးတွေရဲ့ ဥတွေဟာ ရေထဲကို ပြန်လည်ကျရောက် သံသရာလည်ကြတာ ဖြစ်ပါတယ်။

Khon Kaen တက္ကသိုလ်ရှိ အပူပိုင်းဒေသရောဂါဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းက Dr. Banchob Sripa ကတော့ ဒီကပ်ပါးတွေ လူခန္ဓာကိုယ်တွင်း ကျရောက်တဲ့ ဆက်စပ်မှုကို လေ့လာနေတာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

ဒီကပ်ပါးဟာ ကြားခံသက်ရှိရဲ့ ခန္ဓာကိုယ်တွင်း တစ်ရှူးကို ယောင်ယမ်းစေတဲ့ ဓါတုပစ္စည်းတမျိုးကို ထုတ်ပေးပါတယ်။ အဲဒီ ယောင်ယမ်းဒဏ်ရာဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ နာတာရှည် ဒဏ်ရာဖြစ်လာပြီး ကင်ဆာရောဂါကို ဖြစ်ပွားစေတာလို့လည်း ဆိုပါတယ်။

တချို့ဒေသတွေမှာဆို လူ ၈၀ ရာခိုင်နှုန်းလောက်ဟာ ဒီကပ်ပါးကြောင့် အသည်းကင်ဆာဖြစ်တာကို သူတို့အဖွဲ့က လေ့လာတွေ့ရှိရပြီး တချို့ဆို ၄ နှစ်အရွယ်အထိ ငယ်ရွယ်သူတွေပင် ပါဝင်ကြကြောင်း၊ ဒါပေမယ့် အသက် ၅၀ မတိုင်ခင် အသဲကင်ဆာဖြစ်ပွားသူ ရှားပါးပြီး ဖြစ်လာရင်လည်း လူနာတွေအတွက် မျှော်လင့်ချက် အနည်းငယ်သာ ရှိနိုင်တယ်လို့ Dr. Banchob Sripa ကပြောပါတယ်။

သူတို့လေ့လာမှုတွေလုပ်နေတဲ့ တက္ကသိုလ်က ဆေးရုံမှာတော့ cholangiocarcinoma လို့ခေါ်တဲ့ သည်းခြေကင်ဆာ တစ်မျိုး ဖြစ်ပွားသူပေါင်းဟာ တနှစ်ကို ၂ ထောင်လောက် ရှိပြီး လူနာ ၂၀၀ ဝန်းကျင်လောက်ကိုသာ ကုသနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အသည်းတွင်းမှာဖြစ်နေတဲ့ ကင်ဆာကျိတ်ကို ဖြတ်ထုတ် ခွဲစိတ်ကုသတဲ့နည်းနဲ့ ကုပေးနေတာလို့လည်း Dr. Sripa ကပြောပါတယ်။

ကျန်တဲ့လူနာတွေကိုတော့ ရောဂါသက်သာစေတဲ့ဆေးပေး ကုသနည်းနဲ့ သည်းခြေရည်ပြွန်ကို စစ်ထုတ်ပေးတဲ့ နည်းတွေနဲ့ ကုပေးတယ်လို့ ဆိုပါတယ်။

အကောင်းဆုံး ထိရောက်တဲ့ ကုသမှုကတော့ ကြိုတင်ကာကွယ်မှုပဲ ဖြစ်ပါတယ်။

Dr. Sripa နဲ့အဖွဲ့ဟာ liver fluke သန်ကောင်ပြား ကပ်ပါး သက်ရောက်မှု အများဆုံးဖြစ်ပွားရာ ဒေသဖြစ်တဲ့ Khon Kaen တောင်ပိုင်းက Lawa Lake လို့ခေါ်တဲ့ စိုစွတ်တဲ့ဒေသတလျှောက်ရှိ ရွာတွေအတွက် ဒေသအခြေစိုက် ကျန်းမာရေး ပညာပေး သင်တန်းတခုကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ပညာပေးခြင်း

Image caption ပညာပေး ဟောပြောတာဟာ နောက်မျိုးဆက်တွေကို အထောက်အကူ ဖြစ်စေပါတယ်

ငါးစိမ်းစားတဲ့ ဘေးအန္တရာယ်ကို သိနိုင်ဖို့ ပညာပေးဟောပြောတာဟာ နောက်မျိုးဆက်တွေကို အထောက်အကူ ဖြစ်စေပါတယ်။

ဒေသတွင်းမှာ အဓိရောက်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို သုံးပြီး ပညာပေးမှုတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေသတွင်းက အများရိုသေလေးစားတဲ့ ရပ်ရွာခေါင်းဆောင်တွေကို စုဆောင်းပြီး ဆွေးနွေးပြောဆိုတာတွေရှိသလို အရှေ့မြောက်ပိုင်း ဂီတနဲ့ဟာသနှော ပြောဆိုတာမျိုးတွေနဲ့လည်း အားဖြည့် ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကိုယ်တွင်းကပ်ပါးကောင်တွေရဲ့ ဘဝစက်ဝန်းလည်ပတ်ပုံနဲ့ ပတ်သက်တဲ့ အလွယ်တကူနားလည်နိုင်မယ့် အချက်အလက်တွေကိုလည်း သီချင်းတွေအဖြစ် ရေးဖွဲ့စပ်ဆိုခဲ့ကြပါတယ်။

ကပ်ပါး သားလောင်းကောင်တွေဟာ ငါးအသားထဲမှာ နစ်မြုပ်နေတာဖြစ်ပြီး စားသုံးလိုက်ပါက လူ့အသည်းထဲမှာ သက်ကြီးကောင်တွေအဖြစ် ကြီးထွားလာပါတယ်။

ဒိနောက် ခန္ဓာကိုယ်တွင်းရောက်တဲ့ သက်ကြီးကောင်တွေက အုတဲ့ ဥတွေဟာ ခန္ဓကိုယ်က စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေနဲ့အတူ ရေထဲပြန်လည် ရောက်သွားပြီး အဲဒီဥက သားပေါက်တွေကိုစားတဲ့ ခရုတစ်မျိုးရဲ့ ခန္ဓာကိုယ်ကတဆင့် ငါးတွေရဲ့ကိုယ်ထဲ ဝင်ရောက်ကြတာဖြစ်ပါတယ်။

Dr. Sripa နဲ့အဖွဲ့ဟာ ဒေသတွင်းရှိ ရွာကလူတွေကို အသည်းထဲမှာ ကပ်ပါးပိုး ရှိမရှိ သိနိုင်ဖို့ သယ်ရလွယ်တဲ့ ultrasound စက်အသေးစားနဲ့ ရွာတွေကို လိုက်လံ စစ်ဆေးပေးပါတယ်။

အသက်ကြီးသူအတော်များများမှာ ကပ်ပါးပိုးသက်ရောက်မှုရှိနေတာ အံ့ဩစရာကောင်းလောက်အောင် တွေ့ရှိရပြီး ဒီအချက်က ဒေသခံတွေဟာ ငါးစိမ်းဆက်စားနေသေးတယ်ဆိုတာကို ပြသနေပါတယ်။

တခါတလေတော့ ချက်စားတယ်၊ ဒါပေမယ့် တခါတလေတော့ မေ့သွားတယ် ဆိုပြီး အသက် ၆၁ နှစ်အရွယ် Jongluck Laonongkwa ဆိုသူ အမျိုးသားကြီးက ပြောပါတယ်။ သူရဲ့ အသည်းမှာတော့ ကပ်ပါးကောင်တွေက ဖိစီးနေပြီ ဖြစ်ပါတယ်။

Image caption အသည်းကင်ဆာက အသက်ကြီးပိုင်းကျမှ ဖြစ်ပေါ်တာများ

ကပ်ပါး တွယ်ကပ်မှုဟာ အသက်ငယ်ချိန်မှာ စတင်ပြန့်ပွားပေမယ့် အသည်းကင်ဆာက အသက်ကြီးပိုင်းကျမှ ဖြစ်ပေါ်တာ များပါတယ်။

အသည်းကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဒေသခံ ၆၀ ရာခိုင်နှုန်းလောက်ကတော့ နားလည်ပြီလို့ ထင်ပါတယ်၊ အသည်းကပ်ပါးကိုလည်း သတိထားမိကြပါပြီ ဆိုပြီး Dr. Sripa က ပြောပါတယ်။

ဒါပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ကတော့ ငါးစိမ်းကို ဆက်စားနေကြဆဲဖြစ်ပြီး သူတို့တွေဟာ မပြောင်းလဲနိုင်ကြဘူး၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးသင့်တယ်၊ ငါးတွေကို ရောဂါကူးစက်မှုနည်းအောင်၊ ပိုမိုသန့်ရှင်းအောင် လုပ်ရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကပ်ပါးပိုး ဥအရေအတွက်လျော့နည်းသွားစေဖို့ လူတွေ အိမ်သာသုံးကြဖို့နဲ့ ရေကန်ထဲကို အညစ်အကြေးမစွန့်ကြဖို့ ပညာပေးအစီအစဉ်ရဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ အလေးထား လုပ်ဆောင်နေကြပါတယ်။

အခုလို စည်းရုံးလှုံဆော်မှုတွေ လုပ်နေတဲ့ရွာတွေမှာ ကပ်ပါးကြောင့် ရောဂါဖြစ်ပွားမှုနှုန်း အတော်ကျဆင်းလာပြီး တချို့နေရာမှာဆို ၁၀ ရာခိုင်နှုန်းအောက်ထိ ကျဆင်းလာပါတယ်။

အသည်းကင်ဆာဖြစ်ပွားမှုနှုန်း ကျဆင်းအောင် ပိုမိုအချိန်ပေးလုပ်ဆောင်ရမှာဖြစ်ပေမယ့် လူငယ်တွေရဲ့ စိတ်နေသဘောထား ပြောင်းလဲလာမှုက အားတက်ဖို့ကောင်းလာပါတယ်။

အသက် ၇၁ နှစ်အရွယ် Kamphan Sapsombat ဆိုသူ အဖိုးအိုဟာ ခွဲစိတ်လို့မရနိုင်တော့တဲ့ ကင်ဆာကျိတ်ကြောင့် ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။ သည်းခြေရည်ပြွန် ပိတ်တဲ့လက္ခဏာအဖြစ် သူ့ရဲ့အသားအရောင်နဲ့ မျက်လုံးတွေဟာ အဝါရောင်အဖြစ် ပြောင်းလဲနေပါပြီ။

သူ့ရဲ့သမီးဖြစ်သူ Rattana က သူ့အဖေဟာ ငါးကို အစိမ်းစားလာတာ တသက်လုံးပါပဲလို့ ပြောဆိုခဲ့ပြီး ကျန်တဲ့သူတို့မိသားစုတွေကတော့ မကြာသေးခင် နှစ်တွေအတွင်းကပဲ ငါးစိမ်းစားတာ ရပ်လိုက်ပြီလို့ ပြောပါတယ်။

သူ့အဖေရဲ့ဘဝလို အဆုံးသတ်ရမယ့် အသက်ဘေးအန္တရာယ်ကို သူတို့ ကောင်းကောင်းကြီး နားလည်ခဲ့ကြဖြစ်ပါတယ်။

(အရှေ့တောင်အာရှ သတင်းထောက် Jonathan Head ရေးသားတဲ့ Deadly dish: the dinner that can give you cancer ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုတင်ပြထားတာ ဖြစ်ပါတယ်။)