ကမ္ဘာစစ်အတွက် အလေးအနက် ဝမ်းနည်းကြောင်း ဂျပန် ပြော

  • 14 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အလေးအနက် ဝမ်းနည်း နောင်တရ မိကြောင်း မစ္စတာ အဘေးက ပြောခဲ့။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ လုပ်ရပ်တွေ အတွက် အလေးအနက် ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။

ဂျပန် လက်နက်ချတဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ထုတ်ပြန် ပြောဆိုချက်ထဲမှာ အရင် ဂျပန် အစိုးရတွေရဲ့ လုပ်ရပ်တွေ အတွက် နောင်တရ တောင်းပန်ကြောင်း ပြောခဲ့တာ ဖြစ်ပြီး၊ ဝန်ကြီးချုပ် အနေနဲ့ တောင်းပန်ချက်ကိုတော့ အသစ် ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ဂျပန် လူငယ်တွေနဲ့ အနာဂတ် မျိုးဆက် ဂျပန်တွေကတော့ ဒုတိယ ကမ္ဘာစစ်နဲ့ မပတ်သက်တဲ့ အတွက် တောင်းပန် ရမယ်လို့ မသတ်မှတ် ထားသင့်တော့ကြောင်း မစ္စတာ အဘေးက ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဂျပန်ရဲ့ စစ်အတွင်း ရက်စက် ကြမ်းကြုတ်မှုတွေကို မှေးမှိန်အောင် ဝန်ကြီးချုပ်က ပြောဆိုဖွယ် ရှိတယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မစ္စတာ အဘေးရဲ့ အခု ထုတ်ပြန် ပြောဆိုချက်ကို အာရှ နိုင်ငံ အများစုက ဂရုတစိုက် စောင့်ကြည့် ခဲ့ကြတာပါ။

အထူးသဖြင့် တရုတ်နဲ့ တောင်ကိုရီးယား တို့က ဂျပန်ရဲ့ စစ်အတွင်း ရက်စက်မှု ဒဏ်တွေကို အဓိက ခံစားခဲ့ကြရတာ ဖြစ်ပြီး၊ ဂျပန်ဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် ဘယ်တော့မှ ကျေနပ်အောင် ဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ သူတို့ နှစ်နိုင်ငံက ပြောလေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ