ဘန်ကောက် ဗုံးခွဲမှု၊ သံသယရှိသူရဲ့ ဗီဒီယို ထွက်ပေါ်

  • 18 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption အဝါရောင် တီရှပ်နဲ့ လူတစ်ယောက် ကျောပိုးအိတ်ကို တမင် ချန်ထားခဲ့တာကို တွေ့ရ။

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ရဲက အလိုရှိ နေတဲ့ သံသယရှိသူ တစ်ဦးရဲ့ ဗီဒီယို ပုံရိပ် ထွက်ပေါ် လာပါတယ်။

စီစီတီဗီ ကင်မရာကနေ ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ အဝါရောင် တီရှပ် ဝတ်ထားတဲ့ လူတစ်ယောက် ဧရာဝဏ် နတ်ကွန်းမှာ သူ့ရဲ့ ကျောပိုးအိတ်ကို တမင် ချန်ထားခဲ့တဲ့ ပုံတွေကို တွေ့ရပါတယ်။

အဲဒီလူ ထိုင်နေခဲ့တဲ့ နေရာကပဲ နောက်မိနစ် အနည်းငယ် အကြာမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟတ်ဒ်က ပြောပါတယ်။

တနင်္လာနေ့ည ဒေသစံတော်ချိန် ၇ နာရီလောက်မှာ ဗုံးကွဲခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသား ၉ ဦး အပါအဝင် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကာ လူ ၁၂၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာလည်း ဘန်ကောက်မြို့က ဆိပ်ခံတံတား တစ်ခုပေါ်ကို ပေါက်ကွဲပစ္စည်း တစ်ခုနဲ့ ပစ်ပေါက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ထိုင်း ဝန်ကြီးချုပ် ပရာယု ကတော့ တနင်္လာနေ့ ဗုံးကွဲမှုဟာ ထိုင်းမှာ ဖြစ်ပွားခဲ့သမျှ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောခဲ့ပြီး ဗုံးခွဲတဲ့ လက်သည် တရားခံတွေကို ဖမ်းမိဖို့ ဘာမဆို လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ