ဘန်ကောက်ဗုံးခွဲသူ ဖေါ်ထုတ်ဖို့ ကြိုးပမ်း

  • 18 ဩဂုတ် 2015
9_bbc_304x171_bbc_
Image caption ဘန်ကောက်ဗုံးဒဏ်နဲ့ သေသူတွေကိုဆုတောင်းပေး

သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်း က ဘန်ကောက်မြို့ ရဲ့ လူစည်ကားရာ မြို့လယ် ရှိ လေးမျက်နှာ ဘုရား မှာ ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်လို့ သေဆုံးသူ ၂၀ ကျော် အနက် တဦးဟာ ဗြိတိသျှ နိုင်ငံသူ ဖြစ်တဲ့ အကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟမ်မွန် က အတည်ပြု ပြောကြား လိုက်ပါတယ်။ အဲဒီ အတွက် လူမဆန် တဲ့ ဗုံးခွဲသူ ရှာဖွေ ရေး အပိုင်းမှာ လိုအပ် တဲ့ အကူအညီ ပေးမဲ့ အကြောင်း ထိုင်း အစိုးရ ကို ဗြိတိန် က ကမ်းလှမ်းတာ ကို ဘန်ကောက် ဗြိတိသျှသံရုံး မှ ထုတ်ပြန် တဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

အဆိုပါ သေဆုံးသူ ဗြိတိသျှ နိုင်ငံသူ ကျောင်းသူလေး ဗီဗစ်ယံ ချန်း ဟာ ဟောင်ကောင်မြို့ရှိ ဟားရိုး နိုင်ငံခြား သိပ္ပံ ကျောင်းခွဲ မှာ ပညာ သင်ကြား ခဲ့သူလေး ဖြစ်ပါတယ်။ သူဟာ ပညာ ကြိုးစားသူလေး ဖြစ်ပြီး အများ က အားကျရတဲ့ ကျောင်းသူ ဖြစ်ကြောင်း ဟားရိုး ကျောင်း မှ ကျောင်းအုပ်ကြီး ပြောတာ ကို ဟောင်ကောင် မှ ဘီဘီစီ သတင်းထောက် မာတင်ရစ်ပ် က ကိုးကား ပြောပါတယ်။

ဗုံးခွဲသူ အဖြစ် သံသယ ရှိသူ ကို ရဲ က ထုတ်ပြောရာမှာ နိုင်ငံခြားသား ဟုတ်မဟုတ် ဆိုတာ ကို ထုတ်ပြော ဖို့ စောသေးကြောင်း ဒါပေမဲ့ စီစီတီဗွီ မှတ်တမ်းတင် ဗွီဒီယို အရ တီရှပ် အင်္ကျီ အဝါရောင် ဝတ်ဆင် ထားသူ တဦး ဟာ ကျောပိုးအိတ် လွယ်ပြီး လေးမျက်နှာ ဘုရား နတ်ကွန်း ထဲ ဝင်သွား ကြောင်း၊ နောက်ပြီး ခုံတန်းရှည် မှာ ခန ဝင်ထိုင်ပြီး ကျောပိုးအိတ် ကို ဖြုတ်ပြီး ထားခဲ့ ယင်း ပလပ်စတစ် အိတ် တလုံး ပဲ ကိုင် ပြီး နတ်ကွန်းထဲ က ထွက်သွား ပါတယ်။ အဆိုပါ မသင်္ကာဘွယ် လူ ဟာ ဆိုင်ကယ် အငှား တိုင်စီ ပေါ် သုတ်သုတ် တက်စီး သွားပြီး လို့ သုံးမိနစ် အကြာ မှာ သူထိုင်ခဲ့နေရာ မှာ ဗုံးပေါက် တာပါပဲ လို့ ရဲ က ပြောပါတယ်။

ဒါကြောင့်မို့ မသင်္ကာဘွယ် လူ ကို ဖမ်းမိ ဖို့ အတွက် ပြည်သူ ကို ရဲချုပ် စုမ်ယုတ် ဖုမ့်ဖန်မွမ့် က သတင်းထောက် တွေ က တဆင့် အကူအညီ တောင်းလိုက်ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီး ရဲ့ အကြံပေး အရာရှိ ဒေါက်တာ ပါနိသန် ဝါ့တာ နေယာကွန် ကတော့ အခု မသင်္ကာဘွယ် လူ ဟာ ဘယ်သူ ဆိုတာ ကို သဲသဲကွဲကွဲ မသိရသေးတဲ့ အတွက် ဒီလူ ကို ဖမ်းမိ မှသာ သူနဲ့ သူ့ အပေါင်းအသင်း တွေ ကို မေးမြန်း စုံစမ်း ပြီး ဖေါ်ထုတ်နိုင်မှာပါ။ လတ်တလော အခြေအနေမှာတော့ စီစီတီဗွီ မှတ်တမ်းတင် ဗွီဒီယို အရ ရယ်၊ မျက်မြင် သက်သေ တွေ ပြောချက် အရသာ သဲလွန်စ အနေနဲ့ စုံစမ်း ထောက်လှမ်းနေ တဲ့ အပြင် ကွင်းဆက်တွေ လည်းရအောင် ကြိုးစားနေပါတယ် လို့ ပြောပါတယ်။

သြဂုတ်လ ၁၈ ရက် အင်္ဂါနေ့ နေ့လယ်ပိုင်း ကလည်း ကျောက်ဖရားမြစ် စဖန်းတာခ့်စင် တံတား အနီး ကူးတို့ဆိပ်မှာလည်း ဆိုင်ကယ်စီး သမား တဦး ကဗုံးနဲ့ လှမ်းပစ် ပါသေးတယ်။ ဒါပေမဲ့ ရေထဲကျပြီး ပေါက်ကွဲ လို့ ထိခိုက်သူ မရှိပါဘူး။