တိယန်ကျင်း ပေါက်ကွဲမှုနဲ့ ဓာတုပစ္စည်း လိုင်စင်

ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူတွေ အတွက် အမှတ်ရပွဲ တစ်ခုကို ပေါက်ကွဲမှု ဖြစ်ရာ နေရာ အနီးမှာ ပြုလုပ်ခဲ့ကြ။

တရုတ် နိုင်ငံ၊ တိယန်ကျင်း မြို့မှာ လူ ၁၁၄ ဦး သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကုန်လှောင်ရုံဟာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ခွင့် လိုင်စင်ကို လွန်ခဲ့တဲ့ ၂ လ ကမှ ရရှိခဲ့တာ ဖြစ်တယ်လို့ ရှင်ဟွာ သတင်းဌာနက ပြောပါတယ်။

Ruihai Logistics ကုမ္ပဏီ ပိုင်တဲ့ အဲဒီ ကုန်လှောင်ရုံမှာ ပြီးခဲ့တဲ့ ဇွန်လ မတိုင်မီ ၈ လ လုံးလုံး အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကို ခွင့်ပြုချက် မရှိဘဲ ထားရှိခဲ့တယ်လို့ ရှင်ဟွာ သတင်းဌာနက ဆိုပါတယ်။

အဲဒီ ကုန်လှောင်ရုံမှာ ဆိုဒီယံ ဆိုင်ယာနိုက် ဒြပ်ပေါင်းတွေ တန်ချိန် ရာနဲ့ချီ သိမ်းဆည်း ထားခဲ့ပြီး ဥပဒေက ခွင့်ပြုတဲ့ ပမာဏထက် အလွန်အကျွံ ပိုမို သိုလှောင် ထားခဲ့တယ် ဆိုတာ ထင်ရှား ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ ကုန်လှောင်ရုံဟာ လူနေ အိမ်ခြေတွေနဲ့ မီတာ ၅၀၀ အတွင်းမှာ ရှိနေခဲ့တဲ့အတွက် နေအိမ်တွေနဲ့ အနည်းဆုံး အကွာအဝေး ၁ ကီလိုမီတာ ရှိရမယ် ဆိုတဲ့ ဥပဒေကိုလည်း ချိုးဖောက် နေပါတယ်။

ပေါက်ကွဲမှုတွေကြောင့် သေဆုံးရသူတွေအတွက် အမှတ်ရ ပွဲတွေကိုတော့ ဒီကနေ့ အင်္ဂါနေ့မှာ တိယန်ကျင်း မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ ၁၁၄ ဦး အပြင် လူ ၇၀၀ နီးပါး ဒဏ်ရာရခဲ့သလို လေထဲမှာ အဆိပ်သင့် ဓာတု ပစ္စည်းတွေ တွေ့ရတဲ့ အတွက် ထောင်နဲ့ချီတဲ့ လူတွေကို နေအိမ်တွေကနေ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ပေါက်ကွဲမှု အရှိန်ကြောင့် နေအိမ်ပေါင်း တစ်သောင်း ခုနစ်ထောင်လောက် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ