EU ထဲ ခိုးဝင်လာသူ အရေအတွက် ဇူလိုင်လမှာ စံချိန်တင်

  • 19 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ရွှေ့ပြောင်း ဒုက္ခသည်အများစုဟာ ဆီးရီးယား၊ အာဖဂန် နစ္စတန်နဲ့ ဆာဟာရ အာဖရိက နိုင်ငံတွေက ဖြစ်

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း EU ဥရောပ သမဂ္ဂနိုင်ငံတွေထဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် ထိုးတက်သွားခဲ့ပြီး ပုံမှန် မဟုတ်တဲ့ တရားမဝင် လမ်းကြောင်းတွေကနေ ဖြတ်သန်း ဝင်ရောက်လာသူ အရေအတွက်ဟာ တသိန်း ခုနှစ်ထောင်ကျော် စံချိန်တင် ရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လတုန်းက စံချိန်တင်ခဲ့တဲ့ အရေအတွက်ထက် ဒါဟာ ၄သောင်း ပိုများလာခဲ့တာပါ။

ဒီကိစ္စဟာ အရေးပေါ် ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စရပ် ဖြစ်တယ်လို့ EU နယ်စပ် ထိန်းချုပ်ရေး အေဂျင်စီ Frontex က ပြောကြားလိုက်ပြီး ဥရောပ သမဂ္ဂဝင် နိုင်ငံတွေအားလုံးအနေနဲ့ ဂရိ၊ ဟန်ဂေရီနဲ့ အီတလီ စတဲ့ နယ်စပ်နိုင်ငံ ၃ခုကို အကူအညီပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

EU ထဲမှာ ခိုလှုံခွင့် တောင်းခံခဲ့တဲ့ ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် အများဆုံးကို လွှဲပြောင်း လက်ခံဖို့ သဘောတူထားတဲ့ ဂျာမနီနိုင်ငံက အခုနှစ်မှာ သူ့နိုင်ငံဆီ ရောက်လာမယ့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက်ဟာ ၇သိန်း ၅သောင်း လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရွှေ့ပြောင်းဒုက္ခသည် အများစုဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဆာဟာရ အာဖရိက နိုင်ငံတွေက ဖြစ်ပြီး တိုင်းပြည် မငြိမ်သက်မှုကြောင့် သော်လည်းကောင်း၊ ဆင်းရဲ မွဲတေမှုကြောင့် သော်လည်းကောင်း ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။