တိယန်ကျင်း ကုန်လှောင်ရုံ ပိုင်ရှင်တွေ မသမာမှု ရှိခဲ့

  • 19 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပထမ ပေါက်ကွဲမှုက တီအန်တီယမ်း အလေးချိန် ၃ တန် ပေါက်ကွဲအားနဲ့ ညီမျှပြီး ဒုတိယ ပေါက်ကွဲမှုက တီအန်တီ ယမ်း ၂၁ တန် ပြင်းအားနဲ့ ညီမျှတယ်လို့ ဆို။

တရုတ် နိုင်ငံ၊ တိယန်ကျင်း မြို့မှာ သြဂုတ်လ ၁၂ ရက်နေ့က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ကုန်လှောင်ရုံ တွေရဲ့ ပိုင်ရှင် ၂ ဦးဟာ အန္တရာယ်ရှိ ဓာတုပစ္စည်း သိုလှောင်ခွင့် လိုင်စင်တွေကို သူတို့ရဲ့ အဆက်အသွယ်တွေကို အသုံးချပြီး မသမာတဲ့ နည်းနဲ့ ရယူခဲ့ကြတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

သူတို့ရဲ့ ကုန်လှောင်ရုံတွေဟာ လူနေ အိမ်ခြေတွေနဲ့ သတ်မှတ် အကွာအဝေးထက် ပိုမို နီးကပ် နေပေမယ့် လုံခြုံရေး ဆိုင်ရာ ခွင့်ပြုချက်တွေကို ရယူ နိုင်ခဲ့ကြတယ်လို့ ရှင်ဟွာ သတင်းဌာနက ဆိုပါတယ်။

ပိုင်ရှင် ၂ ဦး အနက် တစ်ဦးက ရဲချုပ် တစ်ယောက်ရဲ့ သား ဖြစ်ပြီး၊ ကျန်တစ်ဦးကတော့ အမျိုးသား ဓာတုဗေဒ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိတစ်ဦး ဖြစ်တယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

အခုတော့ ရဲတပ်ဖွဲ့က သူတို့ ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

တိယန်ကျင်းမြို့က ပေါက်ကွဲမှု တွေကြောင့် လူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး ၇၀၀ နီးပါး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ