ပါလက်စတိုင်းအကျဉ်းသားအမှု အစ္စရေးဆိုင်းငံ့

5_bbc_304x171_
Image caption မိုဟာမက်အာလန် ကို လွှတ်ပေးရေး တောင်းဆို

အစ္စရေး တို့ က အစ္စလမ်မစ် ဂျီဟဒ် အဖွဲ့ဝင် တဦး အဖြစ် မသင်္ကာ လို့ ဖမ်းထားတဲ့ ပါလက်စတိုင်း လူမျိုး မိုဟာမက် အာလန် ဟာ သူ့ ကို မတရားစွပ်စွဲ ပြီး ဖမ်းထားတဲ့ အတွက် ရက်ပေါင်း ၆၅ ရက် ကြာတဲ့ အထိ အစာငတ်ခံ ဆန္ဒ ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်္ဘာလ က ဖမ်းခဲ့ပြီး အမှု ကို ရုံးတင်စစ်ဆေးမှု လည်း မရှိပဲ ၉ လ ကြာ ဖမ်းဆီးထားတဲ့ နောက်မှာ ပြီးခဲ့တဲ့ ဇွန်လ က စလို့ အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။

အခုတော့ အဟာရပြတ်ရာ က သတိလစ်တာတွေ များလာပြီး ဦးနှောက် နဲ့ အာရုံကြော ကို ထိခိုက်မှု ရှိလာတဲ့ အတွက် အစ္စရေး တရားရုံးတော်မှ သူ့ အမှု ကို ဆိုင်းငံ့ခွင့် ပြုလိုက်ပါပြီ။ ဒါပေမဲ့ သူ့ ကို လွှတ်ပေးလိုက်တဲ့ သဘော တော့ မဟုတ်ပဲ ဆေးရုံ မှာ နလံပြန်ထူအောင် ပြုစု ကုသ ပေးနေ တာပါ။ အစ္စရေး အာဏာပိုင် တွေ ဘက် က အမှု ကို ဆိုင်းငံ့ ထား အပြီး အစာငတ် ဆန္ဒပြမှု ကို ရပ်ဆိုင်းရင် လာမဲ့ နိုဝင်္ဘာလ လဆန်းပိုင်းမှာ ပြန်လွှတ် ပေးမယ် ဆိုတဲ့ အပေးအယူ နဲ့ မိုဟာမက် အာလန် က လက်ခံ လိုက် တာပါ။

သူ့ဘက် က လိုက်ပေးတဲ့ အမှုလိုက် ရှေ့နေ ဆော်ဆန် ဇာဟာ ကလည်း သူတို့ ဘက် က မိုဟာမက်အာလန် ကို ချွင်းချက် မရှိ လွှတ်ပေးဖို့ တောင်းဆို ထားတာပါ။ အခုလက်ရှိ အနေအထားအရ ဆေးရုံ မှာ ဆေးကုသမှု ခံနေရ တဲ့ အထိ ကျန်းမာရေး ချို့ယွင်းလာတဲ့ လူနာ တယောက် ဟာ ဘယ်လိုနည်း နဲ့ မှ အစ္စရေး နိုင်ငံ ရဲ့ လုံခြုံရေး ကို သော်လည်းကောင်း၊ အစ္စရေး နိုင်ငံသား ကို သော် လည်းကောင်း အန္တရာယ် မပြုနိုင် ပါဘူး။ ဒါကြောင့် မို့ သူ့ ကို လွှတ်ပေးသင့် တဲ့ အကြောင်း၊ ဒီလို ကျန်းမာရေး ချို့ယွင်းလာအောင် လည်း အစ္စရေး အစိုးရ ကပဲ လုပ်တာ ပါ လို့ ပြောပါတယ်။

ဆေးရုံမှာ ရှိခိုက် သူ့မိသားစု ဝင်တွေ လာတွေ့ခွင့် လည်း ပြုထားပါပြီ။ အစ္စရေး အာဏာပိုင်တွေ အနေနဲ့ လည်း မိုဟာမက်အာလန် ကို ထိန်းသိမ်းထားစဉ် အတွင်းမှာ အသက်ဆုံးခဲ့ ရင် ပါလက်စတိုင်းတွေ နဲ့ တဖန် ထိပ်တိုက် တိုးရ မှာ ကို မလိုလားတဲ့ အပိုင်းလည်း ရှိနေပါတယ်။