ဘန်ကောက်မြို့လယ် ဗုံးပေါက်ကွဲမှု

  • 21 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ဘန်ကောက်မြို့လယ်က ဧရာဝဏ် လေးမျှက်နှာ နတ်ကွန်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာ တစ်ခုဖြစ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ရပ်ချာပရာစုန် လမ်းဆုံရှိ ဧရာဝဏ် လေးမျှက်နှာ နတ်ကွန်းမှာ ဩဂုတ်လ ၁၇ ရက်နေ့ည ၇ နာရီလောက်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

ဆုတောင်းဝတ်ပြုသူတွေ အများဆုံးလာရောက်တဲ့အချိန်ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လူ၂၀ သေဆုံးခဲ့ပြီး လူပေါင်း ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။ အခု ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဟာ ဘန်ကောက်မြို့တော်မှာ အဆိုးရွားဆုံး အဖြစ်အပျက် တစ်ခုဖြစ်ပါတယ်။

ထိုင်းရဲချုပ် စုန်ယွတ် ဖုမ်ဖန်မွမ် က ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ ဆုံးဖြတ်ဖို့ စောသေးပြီး စုံစမ်းဖို့ အချိန်ယူရမှာဖြစ်ကာ အသေးစိတ်စစ်ဆေးနေကြောင်း၊ အခုဗုံးဟာ လူစည်ကားချိန်မှာ လူတွေသေကြေအောင် ရည်ရွယ်ဖောက်ခွဲတာဖြစ်ကြောင်း၊ ဒီလုပ်ရပ်ကို လုပ်သူဟာ အသနားအကြင်နာမဲ့သူ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပေါ်အပြီး လူခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျံ့ကြဲနေပုံတွေကို လူမှုကွန်ယက် စာမျှက်နှာတွေမှာ သုံးစွဲသူတွေက တယောက်နဲ့တယောက် ဖလှယ်မျှဝေနေကြတာနဲ့ပတ်သက်လို့ အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ နဂိုထဲက ထိခိုက်နေတဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေနိုင်တယ် ဆိုပြီး သတိပေးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ အစိုးရအနေနဲ့ တရားခံကို တရားဥပဒေအရ အရေးယူသွားနိုင်ဖို့ ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ရဲ့ အမှာစကားကို အခင်းဖြစ်ပွားတဲ့နေ့ ညပိုင်းမှာ အာဏာသိမ်း အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။

Image caption ထိုင်းအစိုးရက သူ့ရဲ့အုပ်ချုပ်ခွင့်နဲ့ အာဏာကို ရေရှည် ခိုင်မာအောင် လုပ်နေတာ ဖြစ်နိုင်။

ပြည်သူလူထုထံ သတင်းထုတ်ပြန်မှုတွေ မြန်ဆန် သေချာအောင် လက်ရှိအစိုးရနဲ့ စစ်အရာရှိတွေက ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတိုက်ခိုက်မှုဟာ နိုင်ငံရေးအရ အရင်းခံ ဖြစ်ပေါ်ခဲ့တာလို့ ယူဆရပါတယ်။

အစောပိုင်းပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က အခုတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အစိုးရကို နိုင်ငံရေးအရ ဆန့်ကျင်သူတွေက ရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကြည်းတပ်ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဒုဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အူဒုန်ဒေတ် စီထာ့ဘွတ်ကတော့ အခုပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး နိုင်ငံရေးအရ သဘောထားကွဲသူတွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့လယ်က ဧရာဝဏ် လေးမျှက်နှာ နတ်ကွန်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာ တစ်ခုဖြစ်သလို ယုံကြည်မှုအရ ထိုင်း ရိုးရာ အကတွေနဲ့ ဝတ်ပြုဆုတောင်းရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ အဝေးက လာရောက်ကြသူတွေကိုလည်း ညစဉ်ညတိုင်း ထိုင်းရိုးရာ အဆို အတီးအမှုတ်တွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေရှိပြီး အိမ်နီးချင်းနိုင်ငံတွေ၊ တရုတ်နဲ့ ဟောင်ကောင် တို့က လာရောက်သူတွေ များပြားကြပါတယ်။

Image caption ရာချာပရာစုန် လမ်းဆုံရှိ ဧရာဝဏ်တည်ရှိရာ နေရာဟာ အခုနှစ်တွေအတွင်း နိုင်ငံရေးအရ သဘောထားကွဲပြားသူတွေ ဆန္ဒပြရာ နေရာတစ်ခု ဖြစ်လာခဲ့။

ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေနဲ့ ကုန်တိုက်ကြီးတွေ ရှိရာ စီးပွားရေးအရ အချက်အချာကြတဲ့ ရာချာပရာစုန် လမ်းဆုံရှိ ဧရာဝဏ် တည်ရှိရာ နေရာဟာ အခုနှစ်တွေအတွင်း နိုင်ငံရေးအရ သဘောထားကွဲပြားသူတွေ ဆန္ဒပြရာ နေရာ တစ်ခုဖြစ်လာခဲ့ပြီး ဘန်ကောက်မြို့လယ်ကို လပေါင်းများစွာ စီးနင်းထိမ်းသိမ်းထားတဲ့ ရှပ်နီဆန္ဒပြသူတွေကို လူစုခွဲရာမှာ ပစ်ခတ်မှုတွေကြောင့် သွေးထွက်သံယိုဖြစ်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဗုံးတိုက်ခိုက်မှုတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာသာ အဖြစ်များပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ဘန်ကောက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် တချို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက လုပ်ရပ်တချို့နဲ့ အလားတူတယ်ဆိုပြီး အာဏာပိုင်တွေက မရေမရာ ပြောဆို အဆုံးသတ်ခဲ့ကြပါတယ်။ တကယ်တန်းမှာလည်း စုံစမ်းစစ်ဆေးမှုတွေကို အဆုံးတိုင် မလုပ်နိုင်ကြသလို အမှန်ပေါ်ပေါက်ဖို့တောင် မနီးစပ်ခဲ့ကြပါဘူး။

အကြမ်းဘက်သမားတွေဟာ ဘန်ကောက်ကို ဦးတည်လာလိမ့်မယ် ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ နိုင်ငံရေးကျွမ်းကျင်သူ အများစုက လက်မခံခဲ့ကြပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းက မလေးမွတ်စလင် လက်နက်ကိုင် ခွဲထွက်ရေးသမားတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက သူတို့ရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပြတ်သားခဲ့ပါတယ်။

သူတို့အနေနဲ့ သူတို့ပိုင်ဆိုင်တယ်လို့ ယူဆထားတာကို ပြန်ရယူချင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ တိုက်ခိုက်ရေး နည်းဗျူဟာတွေ ပြောင်းလဲသွားတယ် ဆိုတာဟာလည်း ဖြစ်နိုင်ချေမရှိပါဘူး။ အထူးသဖြင့် ထိုင်းအစိုးရနဲ့ အဓိကလက်နက်ကိုင်ခွဲထွက်အဖွဲ့တွေ တွေ့ဆုံကြဖို့ ရက်သတ်မှတ်ထားတဲ့ အခုလို အချိန်မျိုးမှာ ပိုပြီး မဖြစ်နိုင်ပါဘူး။ လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့မှာ ထိုင်းအစိုးရနဲ့ လက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့တွေကြား နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရက်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ပိုင်းက တိုက်ခိုက်မှုတွေအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး နှစ်ပါး သေဆုံးခဲ့ရမှုအတွက် ပြစ်တင်ရှုတ်ချမှုတွေ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာ ခွဲထွက်ရေးအဖွဲ့တွေ အနေနဲ့ ဂုဏ်သိက္ခာ ကျစေမယ့် လုပ်ရပ်မျိုးကို လုပ်ကြမှာ မဟုတ်ပါဘူး။

တချို့ရဲအရာရှိတွေကတော့ ပြင်ပက ဖြစ်နိုင်ချေရှိတဲ့ အကြမ်းဘက်လုပ်ရပ်တွေကို လျှစ်လျူရှုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဟာ ဝီဂါမွတ်စလင်တွေ အပါအဝင် အဓမ္မနေရပ်ပြန်ခိုင်းတဲ့ ကိစ္စမျိုးတွေနဲ့ တခြား မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကြောင့် နိုင်ငံတကာအလယ်မှာ ဝေဖန်ပြောဆိုခံရတာတွေ ရှိခဲ့ပါတယ်။

ဘန်ကောက်မြို့ဟာ ဝင်ရလွယ်ကူပြီး လွတ်လပ်တဲ့ နေရာတစ်ခု အဖြစ် လူသိများပြီး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေအတွက် အတုအပ လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူစေတဲ့ လောကနိဗ္ဗာန်တစ်ခုအဖြစ်လည်း ထင်ရှားတာဖြစ်ပါတယ်။

ယခင်ကလည်း ဘန်ကောက်မှာ နိုင်ငံခြားသားအချို့ရဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးပြီး အခုအခါမှာ ဘယ်သူကမှ သူတို့ရဲ့ လက်ချက်ပါလို့ ထုတ်ဖော်ဝန်ခံတာမျိုး မရှိသေးတဲ့အတွက် ရဲတွေအနေနဲ့ တရားခံအစစ်အမှန်ကို ရှာဖွေဖမ်းဆီးနိုင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ဒီတော့ အာဏာပိုင်တွေအနေနဲ့ အခု တိုက်ခိုက်မှုအတွက် နိုင်ငံရေး ပဋိပက္ခကို အပြစ်တင်တာသာ အလွယ်ဆုံး အဖြေဖြစ်တယ်လို့ ဘီဘီစီ ဘန်ကောက်အခြေစိုက် ထိုင်းသတင်းထောက် Noi Thamma က သုံးသပ်ထားပါတယ်။

ဒါပေမယ့် အရှေ့တောင်အာရှ ဆိုင်ရာလေ့လာနေတဲ့ ကျိုတို တက္ကသိုလ်က တွဲဖက်ပရိုဖက်ဆာ Pavin Chachavalpongpun ကတော့ ထိုင်းဗုံးဖေါက်ခွဲမှုဟာ ပြည်တွင်းနိုင်ငံရေးကြောင့် မဟုတ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဘန်ကောက် ဧရာဝဏ် နတ်ကွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ပြည်တွင်းနိုင်ငံရေး အရင်းခံဖြစ်လာတဲ့ တိုက်ခိုက်မှု မဟုတ်နိုင်ဘူးလို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပေမယ့် တခြားဘာသာတွေနဲ့ ကိုယ်ယုံကြည်ရာကိုးကွယ်ခွင့်ကို အလေးထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်အခုလို ဘာသာရေးဆိုင်ရာ အလေးအမြတ်ထားတဲ့ ဧရာဝဏ် နတ်ကွန်းလို နေရာတစ်ခုကို ပစ်မှတ်ထားပြီး မည်သည့် ထိုင်းကမှ ရွေးချယ်မှာ မဟုတ်တဲ့အတွက် အခုတိုက်ခိုက်မှုဟာ ထိုင်းလူမျိုးရဲ့လက်ချက် မဟုတ်နိုင်ဘူးလို့ သူက ယူဆပါတယ်။

ထိုင်းအစိုးရကတော့ ဩဂုတ်လ ၁၇ ရက်နေ့က ဧရာဝဏ် ဗုံးပေါက်ကွဲမှုဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့ ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ အကြမ်းဖက်ကွန်ယက်အဖွဲ့တွေဟာ များသောအားဖြင့် သူတို့ တခုခုလုပ်ပြီးရင် အဲဒီလုပ်ရပ်ဟာ သူတို့လက်ချက်ဖြစ်ကြောင်း မြန်မြန်ဆန်ဆန်ပဲ ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။

နောက်တခုက အခုလို ဗုံးပေါက်ကွဲခဲ့ရတာဟာ ထိုင်းအစိုးရ ထောက်လှမ်းရေးတွေရဲ့ ညံ့ဖျင်းမှုဆိုတာ သိသာထင်ရှားပါတယ်။ ဘန်ကောက်မြို့မှာ လုံခြုံရေးအင်မတန် လျှော့နည်းတာ တွေ့ရပါတယ်။

ထိုင်းအာဏာပိုင်တွေက အခုဗုံးပေါက်ကွဲမှုမှာ ပြည်တွင်းက ပါဝင်ပတ်သက်နိုင်တယ်ဆိုပြီး အရိပ်အမြွက် ထုတ်ဖော် ပြောဆိုတာဟာ ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့တွေက နောက်ကွယ်က ပါဝင်နေတယ်ဆိုတာကို ပြောဆိုလိုဟန် ရှိပါတယ်။

အခုလို အခြေအနေမျိုးကို အခွင့်အရေးယူပြီး ထိုင်းအစိုးရက သူ့ရဲ့အုပ်ချုပ်ခွင့်နဲ့ အာဏာကို ရေရှည် ခိုင်မာအောင် လုပ်နေတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီဗုံးခွဲတိုက်ခိုက်မှုဟာ ပြည်တွင်းနိုင်ငံရေးနဲ့ ပတ်သက်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့ရင်တော့ ဒါဟာ အရင်နဲ့မတူ လုံး၀ ကွဲပြားခြားနားတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မယ်လို့ Pavin Chachavalpongpun က သုံးသပ်ထားပါတယ်။