IS ဒုခေါင်းဆောင်ကို သုတ်သင်ခဲ့ကြောင်း အမေရိကန်ထုတ်ပြော

  • 22 ဩဂုတ် 2015
islamic_state_extremist ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒုတိယ အကြီးဆုံး ဖြစ်သူ သေဆုံး သွားရတဲ့ အတွက် IS အဖွဲ့ ရဲ့ လှုပ်ရှားမှု တွေ ထိခိုက် သွားနိုင်။

အီရတ် နိုင်ငံ မှာ အမေရိကန် က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး တစ်ခု အတွင်း အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ရဲ့ ဒုတိယ ခေါင်းဆောင် ဖာဒီလ် အာမက်ဒ် အယ်လ်-ဟာယာလီ ကို သုတ်သင် နိုင် ခဲ့တယ် ဆိုပြီး အမေရိကန် အစိုးရ က ထုတ် ပြောလာပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ က အယ်လ်-ဟာယာလီ လိုက်ပါ စီးနင်းလာ တဲ့ မော်တော်ယာဉ် ကို မိုဆိုးလ် မြို့နား မှာ လေကြောင်းကနေ တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် ထဲမှာ ပါဝင် ပါတယ်။

ဟာဂျီ မူတာ့ဇ် လို့လည်း အသိများတဲ့ အယ်လ်-ဟာယာလီ ဟာ အီရတ် နဲ့ ဆီးရီးယား အကြား လူသူ လက်နက် နဲ့ ဗုံးတွေ သယ်ဆောင် ရွှေ့ပြောင်း ရာမှာ အဓိက တာဝန်ယူ ထားသူ ဖြစ်တယ် လို့ အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ ရဲ့ ပြောခွင့်ရ နက်ဒ် ပရိုက်စ် က ဆိုပါတယ်။

ဒါ့အပြင် IS အဖွဲ့ ရဲ့ ဘဏ္ဍာရေး ကဏ္ဍ နဲ့ ဆေးဝါး အပါအဝင် တခြား လိုအပ်တဲ့ ပစ္စည်း တွေ ဖြည့်စည်း ရာမှာ လည်း အယ်လ်-ဟာယာလီ ဟာ အရေးပါသူ ဖြစ်တယ် လို့ ပြောပါတယ်။

အဖွဲ့ ခေါင်းဆောင် အဘူ ဘက္ကာ အယ်လ်- ဘဂ်ဒါဒီ ရဲ့ နောက် ဒုတိယ အကြီးဆုံး ဖြစ်သူ သေဆုံး သွားရတဲ့ အတွက် IS အဖွဲ့ ရဲ့ လှုပ်ရှားမှု တွေ ထိခိုက် သွားနိုင်တယ် လို့လည်း မစ္စတာ ပရိုက်စ် က ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ