တောင်နဲ့ မြောက် ကိုရီးယား အရေးပေါ် ဆွေးနွေး

  • 22 ဩဂုတ် 2015
Image caption တောင်ကိုရီးယားဘက်ကနေ ကွန်မြူနစ် ဆန့်ကျင်ရေး ဝါဒဖြန့် ထုတ်လွှင့်နေတာ ရပ်ဖို့ မြောက်ကိုးရီးယား တောင်းဆို

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံအကြား နယ်စပ်မှာ တင်းမာမှုတွေ ဖြစ်ပွားနေတာကို လျော့ကျသွားအောင် ကြိုးစားတဲ့အနေနဲ့ နှစ်နိုင်ငံ အဆင့်မြင့်တာဝန်ရှိ ပုဂ္ဂိုလ်တွေ အရေးပေါ် တွေ့ဆုံ ဆွေးနွေးနေပါတယ်။

နှစ်နိုင်ငံအကြား စစ်မဲ့ဇုံမှာ ဒီ ဆွေးနွေးပွဲကို ရုတ်တရက် ကျင်းပခဲ့တာပါ။

ဆွေးနွေးပွဲမှာ နှစ်ဘက် ခေါင်းဆောင်တွေရဲ့ လက်ထောက်တွေ တဦးနဲ့တဦး အပြုံးနဲ့ လက်ဆွဲ နှုတ်ဆက်တာ တွေ့ရပြီး အစောပိုင်းတုန်းက အပြန်အလှန် လေလုံးထွား ခြိမ်းခြောက် ပြောခဲ့တာတွေနဲ့ တခြားစီ ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကို ကျော်ပြီး တောင်ကိုရီးယားဘက်က ကွန်မြူနစ် ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေတာကို ရပ်ဆိုင်းပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုထားတဲ့ နောက်ဆုံးနေ့ မတိုင်ခင်လေးမှာပဲ အခုလို တွေ့ဆုံ ဆွေးနွေးဖို့ နှစ်ဘက်လုံးက သဘောတူခဲ့ကြတာပါ။

တကယ်လို့ သူတို့ တောင်းဆိုထားတဲ့အတိုင်း တောင်ကိုရီးယားဘက်က မလိုက်နာဘူး ဆိုရင် ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်မယ် ဆိုပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ထားတာပါ။