တီဟီရန်မှာ ဗြိတိသျှ သံရုံး ပြန်ဖွင့်

  • 23 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် Getty
Image caption လွန်ခဲ့တဲ့ ၄နှစ်က ဗြိတိသျှ သံရုံးထဲ အီရန် လူအုပ်ကြီး ဝင်ရောက် ဖျက်ဆီးခဲ့

အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ ဗြိတိသျှ သံရုံး ပြန်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အီရန် နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လတုန်းက သဘောတူချက် ရခဲ့အပြီး ဒါဟာ အီရန်အစိုးရနဲ့ အနောက်အုပ်စု နိုင်ငံတွေအကြား ဆက်ဆံရေး ပြန်အဆင်ပြေလာနေတယ် ဆိုတာကို ဖေါ်ပြနေတဲ့ နောက်ထပ် အရိပ် လက္ခဏာ တခု ဖြစ်ပါတယ်။

၂၀၁၁ခုနှစ် နိုဝင်ဘာတုန်းက အီရန်အစိုးရက ဗြိတိန် သံအမတ်ကို နိုင်ငံထဲကနေ ပြန်ထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

အီရန် ရဲ့နျူကလီးယားအစီအစဉ် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အရေးယူ ပိတ်ဆို့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်က ထောက်ခံတဲ့အတွက် အီရန်ဘက်က လက်တုန့်ပြန် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ရက်ပိုင်းအကြာမှာ ပဲ သဘောထား ပြင်းထန်တဲ့ အီရန် လူအုပ်ကြီးက ဗြိတိန်သံရုံးထဲ ဝင်ရောက် ဖျက်ဆီးခဲ့ကြပါတယ်။

အခုတော့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Philip Hammond တီဟီရန်မြို့ကို ကိုယ်တိုင် လာရောက်ပြီး ဗြိတိန်သံရုံး ဖွင့်ပွဲကို တက်ရောက်ခဲ့သလို ဒါဟာ နှစ်နိုင်ငံအကြား သမိုင်းဝင် ဖြစ်ရပ်လို့လည်း မှတ်ချက်ချပြောသွား ပါတယ်။

ဗြိတိသျှ ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့လည်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတူ ပါလာခဲ့ပြီး ဗြိတိန်က စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ အီရန်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စား ကြသလို ဗြိတိန်ဘဏ်တွေ အနေနဲ့လည်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေ အီရန်မှာ လာဖွင့်ဖို့ ရှိနေကြောင်းလည်း သိရပါတယ်။