ထိုင်း မလေးရှား နယ်စပ်မှာ အလောင်းတွေ မြုပ်ထားတာ ထပ်တွေ့

  • 23 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် epa
Image caption မေလတုန်းက အလောင်း ၁၀၀ကျော် တွေ့ခဲ့တဲ့ နေရာနားမှာ အခု အလောင်း ၂၀ကျော် ထပ်တွေ့

ထိုင်းနဲ့ မလေးရှားနယ်စပ်နားမှာ လူသေအလောင်းတွေ အစုလိုက်အပြုံလိုက် မြုပ်ထားတဲ့ ကျင်းတွေ နောက်ထပ် တွေ့ခဲ့တယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

အလောင်း ၂၄ လောင်းကို သစ်တော ထူထပ်တဲ့ နေရာတခုမှာ တွေ့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို လူမှောင်ခိုတွေ ခေါ်လာလေ့ ရှိတဲ့ နေရာလို့ မလေးရှား ရဲတွေက ပြောပါတယ်။

အဲဒီ နေရာဟာ မေလတုန်းက ရွှေ့ပြောင်း ဒုက္ခသည် တရာကျော်ရဲ့ အလောင်းတွေ တွေ့ခဲ့ရာ နေရာနားမှာ ဖြစ်ပါတယ်။

အခုတွေ့ရှိမှု အရ ဆိုရင် လူမှောင်ခိုကူးမှု ရပ်တန့်သွားအောင် မလေးရှားအစိုးရ အနေနဲ့ အလုံအလောက် ဆောင်ရွက် နေသလား ဆိုတာနဲ့ ပတ်သက်လို့ နောက်ထပ် အခြေအတင် ပြောစရာတွေ ထပ်ပေါ်ပေါက်လာနိုင်ဘွယ် ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။