လူဝင်မှုပြဿနာ ကိုင်တွယ်ရေး အီးယူအဖွဲ့ဝင် အားလုံး ပူးပေါင်းဖို့ တိုက်တွန်း

  • 24 ဩဂုတ် 2015
eu_migrants ဓာတ်ပုံ မူပိုင် AFP
Image caption တရားမဝင် ဝင်ရောက် သူတွေ ဖြစ်ပေမယ့် ကိုယ် လာရာ မူလ နိုင်ငံတွေ ဆီ လူ့ ဂုဏ်သိက္ခာ နဲ့ အညီ ပြန် နိုင်ရေး အတွက် ဝိုင်းဝန်း လုက်ဆောင် ကြရမယ်။

ဥရောပ တိုက်ထဲ ကို လူတွေ ပြောင်းရွှေ့ ဝင်ရောက် နေမှု ပြဿနာ ကို ကိုင်တွယ် ရာမှာ ကျန် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ကလည်း အတူ လက်တွဲ လုပ်ဆောင် ဖို့ ပြင်သစ် နဲ့ ဂျာမနီ ၂ နိုင်ငံ ခေါင်းဆောင် တွေ က တိုက်တွန်း လိုက် ပါတယ်။

ပြောင်းရွှေ့ ဝင်ရောက်သူ တွေ ကို စနစ်တကျ မှတ်ပုံတင်ရေး လို လက်ရှိ သတ်မှတ် ထားတဲ့ စည်းမျည်း တွေ အပေါ် တချို့ နိုင်ငံတွေ က တိတိကျကျ လိုက်နာ ဆောင်ရွက် မနေဘူး ဆိုပြီး ဘာလင် မြို့တော် က သတင်းစာ ရှင်းလင်းပွဲ မှာ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က ပြောပါတယ်။

ပြောင်းရွှေ့ ဝင်ရောက်သူ တွေ ထဲ က ဒုက္ခသည် တွေ အဖြစ် ခိုလှုံ ခွင့် ပေးသင့်တဲ့ သူတွေ ကို ဥရောပ သမဂ္ဂ ဝင် နိုင်ငံ တွေ အားလုံး က မျှဝေ လက်ခံ ကြဖို့နဲ့၊ ကျန်သူ တွေ ကတော့ တရားမဝင် ဝင်ရောက် သူတွေ ဖြစ်ပေမယ့် ကိုယ် လာရာ မူလ နိုင်ငံတွေ ဆီ လူ့ ဂုဏ်သိက္ခာ နဲ့ အညီ ပြန် နိုင်ရေး အတွက် ဝိုင်းဝန်း လုပ်ဆောင် ကြရမယ် လို့ ဘာလင် မြို့တော် သတင်းစာ ရှင်းလင်းပွဲ မှာပဲ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က တိုက်တွန်း ခဲ့ ပါတယ်။

ပြောင်းရွှေ့ဝင်ရောက် လာသူတွေ ကို အစဦး လက်ခံ တဲ့ နေရာ တွေ ဂရိ နဲ့ အီတလီ နိုင်ငံ တွေ မှာ တည်ထောင် ထားရှိ ရေး ကို အရှိန်မြှင့် လုပ်ဆောင် ကြဖို့လည်း ၂ နိုင်ငံ ခေါင်းဆောင် တွေ က ဆော်ဩ ခဲ့ကြ ပါတယ်။

တခါ၊ ဗြိတိန် နိုင်ငံ ထဲ ကို တရား မဝင် ဝင်ရောက် မှု အပေါ် ဘယ်လို ကိုင်တွယ် မလဲ ဆိုတဲ့ အစိုးရ ရဲ့ အကြံပြုချက် အသစ် တစ်ရပ် ဒီ ကနေ့ ထွက်ပေါ် လာဖို့ ရှိပါတယ်။

ဒီထဲမှာ ဗြိတိန် နိုင်ငံတွင်း၊ တရားမဝင် အလုပ်လုပ် ကိုင် မှု အပေါ် အရေးယူ ဖို့ ရာ ရာဇဝတ်မှု ပုဒ်မ အသစ် တစ်ရပ် ပြဌာန်း ဖို့လည်း ပါဝင် ပါတယ်။

အင်္ဂလန်နဲ့ ဝေလ နယ် ထဲ မှာ အဲဒီ့ ဥပဒေသစ် ကို ချိုးဖောက်ပြီး အလုပ်လုပ် ကိုင် သူ ဟာ ထောင်ဒဏ် ခြောက်လ အပြင်၊ ဒဏ်ငွေ အမြောက်အမြား အရိုက် ခံ ရမှာ ဖြစ်ပါတယ်။

တရားမဝင် အလုပ်သမား တွေ ကို အသုံးပြုတဲ့ စားသောက်ဆိုင် နဲ့ စျေးဆိုင် ပိုင်ရှင် တွေ အနေနဲ့ လည်း စီးပွားရေး လိုင်စင် တွေ အရုပ်သိမ်း ခံရမှာ ဖြစ်ပြီး သူတို့ရဲ့ အလုပ်သမား တွေ ဟာ တရားမဝင် နေထိုင် သူတွေ ဖြစ်တယ် ဆိုတာ ကို သူတို့ အနေနဲ့ မသိဘူး ဆိုတဲ့ အကြောင်းပြချက် ကို လက်ခံမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ