လူမျိုးစုတပ်အားလုံး NCA ထဲ ပါဝင်ရေးမူကို ဆက်လက်ဆုပ်ကိုင်

  • 25 ဩဂုတ် 2015
_myanmar_min_aung_hlaing_
Image caption ဒါ့အပြင် တပ်မတော် အနေနဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်း ပလောင်တပ် TNLA နဲ့ ရခိုင်တပ် AA တွေ ကို ငြိမ်းချမ်းရေး စာချုပ် ထဲ ပါဝင် ဖို့ အသိအမှတ် မပြု နိုင်ဘူး လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ထပ်လောင်း ပြော။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ လူမျိုးစု လက်နက်ကိုင်တပ် အားလုံး ပါဝင်ရေး မူကို ဆက်လက် စွဲကိုင် ဖို့ ဩဂုတ်လ ၂၄ ရက်နေ့ က အဆုံးသတ် ခဲ့တဲ့ ချင်းမိုင် အစည်းအဝေး ကနေ ဆုံးဖြတ်ခဲ့ ပါတယ်။

လာမယ့် စက်တင်ဘာ လဆန်း မှာ တိုင်းရင်းသား တပ် တွေ က ထိပ်သီး ခေါင်းဆောင် တွေ နဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် တွေ စုပေါင်းပြီး အစိုးရ သမ္မတ ဦးသိန်းစိန် နဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ကို သွားရောက် တွေ့ဆုံ ကြပါ လိမ့် မယ်။

အစိုးရ ရဲ့ သဘောထား ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ထဲ က ၁၅ ဖွဲ့နဲ့ ပဲ NCA ကို စတင် ထိုးဖို့ အလိုရှိ နေပါတယ်။

ဒါပေမယ့် ၊ ကျန် အဖွဲ့ ၆ ဖွဲ့ အပေါ် မှာလည်း NCA ထဲ မပါလို့ ဆိုတဲ့ အချက် ကို အခြေခံ ပြီးတော့ စစ်မက် ပြုမူ မှာ မဟုတ်ဘူး ဆိုပြီး သမ္မတ က ကတိ ပြု ထားတယ် လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် ကျန်ခဲ့တဲ့ အဖွဲ့တွေ ကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲ တွေ မှာ အဆင့်ဆင့် ပါဝင် နိုင်ခွင့် ရှိအောင် လုပ်ဆောင် ပေးမယ် ဆိုတဲ့ သမ္မတ ရဲ့ စကားလည်း ရှိတယ် လို့ ဒေါက်တာ မင်းဇော်ဦး က ဆိုပါတယ်။

အပစ်ရပ် စာချုပ် ချုပ်ပြီးရင် တိုင်းရင်းသား တွေ လက်နက် စွန့်ရမယ် ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောခဲ့တယ် ဆိုတဲ့ သတင်းတွေ အပေါ်လည်း မဟုတ် မမှန်ကြောင်း ဒေါက်တာ မင်းဇော်ဦး က ငြင်းပယ် လိုက်ပြီး တိုင်းရင်းသား တွေ နဲ့ အစိုးရ အကြား သဘောတူ ခဲ့ပြီး ဖြစ်တဲ့ NCA မူ ထဲ မှာလည်း လက်နက် စွန့်ရမယ် ဆိုတာ မပါဝင် ဘူး လို့ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဟာ ဩဂုတ်လ ၂၄ ရက်နေ့ က ပဲ နေပြည်တော် မှာ မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) နဲ့ တွေ့ဆုံ တုန်း က ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ပြောဆို ခဲ့ရာ မှာ တော့ အပစ်ရပ် စာချုပ် အလွန် မှာ တိုင်းရင်းသား တပ်တွေ ဆီက လက်နက် ဖြုတ် မှာ မဟုတ် ပေမယ့် ၊ တိုင်းရင်း သားတွေ အနေနဲ့ ကလည်း လက်နက်ကို အသုံးမပြု ဖို့ လိုတယ်၊ သိမ်းထားရမယ် လို့ ပြောခဲ့ကြောင်း အဲဒီ့ပွဲ ကို ကိုယ်တိုင် တက် ခဲ့တဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှုး ကိုကျော်မင်းဆွေ က ဘီဘီစီ ကို ပြောပါ တယ်။

ဒါ့အပြင် တပ်မတော် အနေနဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်း ပလောင်တပ် TNLA နဲ့ ရခိုင်တပ် AA တွေ ကို ငြိမ်းချမ်းရေး စာချုပ် ထဲ ပါဝင် ဖို့ အသိအမှတ် မပြု နိုင်ဘူး လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ထပ်လောင်း ပြောခဲ့တယ် လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ကိုးကန့်တပ် MNDAA နဲ့ ကြား အပြင်းအထန် တိုက်ခိုက် ခဲ့တဲ့ ကိုးကန့် ဒေသ စစ်ပွဲ ကို မြန်မာ အစိုးရ နဲ့ စစ်တပ် က အချုပ်အခြာ ထိပါးမှု၊ တိုင်းတပါး ကျူးကျော် မှု သဖွယ် ပြောဆိုထား တာ ဖြစ်ပါတယ်။

ကိုးကန့်လူမျိုးဟာ ကိုးကန့်ဒေသမှာ နှစ်ပေါင်း ၂၀ဝ ကျော် နေထိုင် ခဲ့ကြတဲ့ သမိုင်းကြောင်း ရှိပြီး အစိုးရ ဘက်က အချုပ်အခြာ ထိပါးမှု လို့ ပုံဖော်ခြင်း အပေါ် လက်မခံ နိုင်ဘူး လို့ ချင်းမိုင် အစည်းအဝေးကို လာတက်ခဲ့တဲ့ MNDAA ရဲ့ ဆက်ဆံရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် က ဘီဘီစီကို ပြောပါတယ်။

MNDAA ဟာ တစ်ဖက်သတ် အပစ်ရပ် ကြေညာ ထားပြီး နိုင်ငံရေး အရ အဖြေ ရှာ နိုင်ဖို့လည်း နိုင်းရင်းသား တပ်ပေါင်းစု UNFC အနေနဲ့ ဆက် ကြိုးစား သွားမယ် လို့ ဒုတိယ ဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် က ဆိုပါတယ်။

MNDAA ကို တရုတ် က ကျောထောက် နောက်ခံ ပြုထားတယ် ဆိုတဲ့ ပြောဆိုမှု တွေ ကိုလည်း ဒုတိယ ဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် က ငြင်းပယ် လိုက်ပြီး အစိုးရ စစ်တပ် က NCA ထဲ အဝင် မခံပဲ စစ်အင်အားသုံးပြီး ထိုးစစ်တွေ အကြီးအကျယ် ဆင်လာရင် နောက်ဆုံး တစ်ယောက် ကျန်တဲ့ အထိ ခုခံ သွားမယ် လို့ ဒုတိယ ဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ