အမေရိကန်ရုပ်သံ ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရမှု

  • 26 ဩဂုတ် 2015
_us_journalists_shot_dead ဓာတ်ပုံ မူပိုင် WDBJ7
Image caption အသတ်ခံရသူ Alison Parkerနဲ့ Adam Ward

မနေ့ က သြဂုတ်လ ၂၆ ရက် မနက် ၇ နာရီ ခန့် က ဗာဂျီးနီးယား ပြည်နယ် မိုနီတာမြို့ မှာ ရုပ်သံ သတင်းထောက် အယ်လီဆင် ပါကာ နဲ့ ရုပ်သံ ရိုက်ကူးသူ အယ်ဒမ် ဝါ့ဒ် တို့ ဟာ ဧရာမ ရှော့ပင်း စင်တာ တခု မှာ တွေ့ဆုံ မေးမြန်းခန်း တိုက်ရိုက် ထုတ်လွှင့်မှု ရိုက်ကူး နေစဉ် မှာ သေနတ် နဲ့ ပစ်သတ်တာ ခံခဲ့ရလို့ အခင်း ဖြစ်ပွားရာ နေရာ မှာ ပဲ သေဆုံး သွားပါတယ်။ သူတို့ကို ပစ်သတ် သွားသူ ဟာ WDBJ7 ရုပ်သံ ဌာန မှာပဲ အတူ အလုပ်ခဲ့ ဖူးတဲ့ ဝန်ထမ်းဟောင်း Vester Lee Flanagan ခေါ် Bryce Williams ဆိုသူ ဖြစ်ပါတယ်။

Bryce Williams ဟာ အလုပ်ခွင် မှာ လည်း ဒေါသကြီးသူ ဖြစ်ပြီး သူ့ကို လူမည်းမို့ နှိမ်ဆက်ဆံ တယ် လို့ ရန်စကား ပြောလေ့ ရှိလို့ အလုပ်က ထုတ်တာ ခံခဲ့ရတာပါ။ သူက လုပ်ဖေါ် ကိုင်ဘက် နှစ်ဦး အပေါ် မှာ အငြှိုးအတေးထား ပြီး ပစ်သတ် တာ ဖြစ်ကြောင်း၊ သူ့ရဲ့ လူမှုကွန်ယက် တွေမှာ ရေးခဲ့တာတွေ ရှိလို့ ကြိုတင် ကြံစည် သတ်ဖြတ်မှု လို့ ရဲ က ကောက်ချက်ချပါတယ်။

လူသတ်မှု ကျူးလွန် ပြီးတာနဲ့ ကားမောင်း ထွက်ပြေးပေမဲ့ ရဲ ကင်းလှည့် ကားတွေ က နောက်က လိုက်ဖမ်းကြပါတယ်။ ဟိုင်းဝေးလမ်းမကြီး မှာ Bryce Williams ရဲ့ကားဟာ လမ်းဘေး ထိုးကျသွား လို့ ရဲ က ဆင်းကြည့်ရာ မှာ သူ့ကိုယ် သူ သေနတ်နဲ့ ပစ် တဲ့ ဒဏ်ရာ ရထားလို့ ဆေးရုံ ပို့ပေမဲ့ ဆေးရုံမှာ ပဲ အသက်ကုန်သွားပါတယ်။

အခုလို သေနတ်နဲ့ ပစ်သတ်မှု တွေ ဖြစ်ပွား နေတာနဲ့ ပတ်သက် လို့ အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ် အားနက်စ် ကလည်း သူတို့ အစိုးရ အရင်က ပြောခဲ့ ဖူးသလို၊ အခုလို သေနတ်နဲ့ အကြမ်းဖက်မှု ပေါ်ပေါက် ရခြင်း ဟာ အမေရိကန် ပြည်ထောင်စု မှာ သေနတ် လက်နက် ကိုင်ဆောင်ခွင့် ဥပဒေ ကို ကွန်ဂရက် လွှတ်တော် အနေနဲ့ တင်းကြပ်တဲ့ ဥပဒေ နဲ့ ပြောင်းလဲ ဖို့ တောင်းဆိုခဲ့တာ ကို အလေးအနက် ထားဖို့ လိုအပ် လာတဲ့ အကြောင်း၊ နိုင်ငံတဝန်းမှာ သေနတ်နဲ့ ပစ်သတ် မှုတွေ ဟာ ဖြစ်ရိုးဖြစ်စဉ် လို တိုးပွား နေပါတယ် လို့ အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ် အားနက်စ် က ထောက်ပြ ပြောသွားပါတယ်။