ဒုက္ခသည်တွေ ဘေးကင်းဖို့ အီးယူကို သြစတီးယားတိုက်တွန်း

  • 28 ဩဂုတ် 2015
austria_lorry ဓာတ်ပုံ မူပိုင်
Image caption စွန့်ပစ်သွားခဲ့တဲ့ လော်ရီ

ဥရောပ တိုက်ဆီ ပြေးလာကြတဲ့ ဒုက္ခသည်တွေ အန္တရာယ် များလှတဲ့ ခရီးတွေ နှင်လာရတာကို ရှောင်ရှားနိုင်ဖို့ အတွက် ဥပဒေ ဘောင်အတွင်း ကနေ ဘေးကင်းစွာ လာရောက်နိုင်အောင် စီစဉ်ပေးကြဖို့ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေကို ဩစတီးယားက တိုက်တွန်းလိုက်ပါတယ်။

ဩစတီးယား ပြည်ထဲရေး ဝန်ကြီးက ဩစတီးယား အဝေးပြေး လမ်းပေါ်မှာ စွန့်ပစ်ထားတဲ့ လော်ရီကားထဲမှာ လူပေါင်း ၇၁ ဦး သေဆုံးနေတာ တွေ့ခဲ့ရတဲ့ အဖြစ်က ဒီလို လုပ်ကြဖို့ လှုပ်နှိုးလိုက်တာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

သူက အခုလို အဖြစ်မျိုးတွေ ကြုံရတိုင်း အံ့ဩတုန်လှုပ်၊ ကိုယ်ချင်းစာပြနေရုံနဲ့ မလုံလောက်တော့ဘူး လို့လည်းဆိုပါတယ်။

နယ်စပ်တွေမှာ စောင့်ကြည့် စစ်ဆေးနေတာဟာ ဒီကိစ္စအတွက် အဖြေ မဟုတ်တော့ကြောင်း၊ ဥရောပဆီကို တရားဝင် နည်းလမ်းတွေနဲ့ ဘယ်လို ဝင်ရောက်နိုင်မလဲ ဆိုတာအတွက် အဖြေရှာဖို့ လိုကြောင်း၊ ဒါမှလည်း တဘက်မှာ ဒီလို ဒုက္ခသည်တွေကို ကယ်တင်ရာ ရောက်ပြီး တဘက်မှာ ပြစ်မှု ကျူးလွန်သူတွေ ကိုလည်း တိုက်ဖျက်နိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသေဆုံးနေသူ တွေကို တွေ့ခဲ့ရတဲ့ ပိုင်ရှင်မဲ့ စွန့်ပစ် သွားတဲ့ လော်ရီကား နဲ့ ပတ်သက်လို့ ဟန်ဂေရီနိုင်ငံမှာ လူ ၄ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။