လူကုန်ကူးခံရသူတွေရဲ့ဘဝခရီး

  • 28 ဩဂုတ် 2015
Image caption မေလတုန်းက အလောင်းတွေ တွေ့ရှိခဲ့တဲ့နေရာ။

ထိုင်းနဲ့ မလေးရှားနယ်စပ်အနီး တောအုပ်ထဲမှာ လူကုန်ကူးခံရသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်း ၂၄ လောင်း မြုပ်ထားတဲ့ကျင်းတွေ နောက်ထပ် တွေ့ခဲ့တယ်လို့ မလေးရှားရဲတွေက ဩဂုတ်လ ၂၃ ရက်နေ့က ပြောဆိုပါတယ်။

ထိုင်းနယ်စပ်အနီး မလေးရှားနိုင်ငံ Perlis ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလတုန်းက အလောင်း ၁၃၉ လောင်း တွေ့ရှိခဲ့တဲ့နေရာနားမှာ အဲဒီကျင်းတွေကို တွေ့ခဲ့တာ ဖြစ်တယ်လို့ မလေးရှား ရဲက ပြောပါတယ်။

အဲဒီ အလောင်းတွေဟာ လူကုန်ကူးသူတွေရဲ့ တောတွင်းစခန်းထဲမှာ ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့သူတွေ ဖြစ်နိုင်တယ်လို့ မလေးအာဏာပိုင်တွေက ယူဆကြပါတယ်။

လူကုန်ကူးခံရသူတွေကို တောတွင်းစခန်းတွေမှာ ဖမ်းဆီးထားပြီး သူတို့မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ ဆွေမျိုး မိသားစုဝင်တွေစီက ငွေရမှသာ လွှတ်ပေးပြီး သူတို့အလိုရှိတဲ့နိုင်ငံကို လူကုန်ကူးသူတွေက သွားခွင့်ပြုတာဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့က ရွှေ့ပြောင်းဝင်ရောက်လာကြသူတွေဟာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားကြပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက အလောင်း ၁၀၀ ကျော်တွေ့ရှိတဲ့အထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေရဲ့ အလောင်း အတော်များများ ပါဝင်ခဲ့ပါတယ်။

အခုနောက်ဆုံးတွေ့ရှိခဲ့တဲ့ အလောင်း ၂၄ လောင်းကိုတော့ ခွဲစိတ်စစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ မလေးရှားရဲက ပြောပါတယ်။

စခန်းတွေမှာ ဖမ်းဆီးအကျဉ်းချခံထားရသူတွေထဲက ငွေမပေးနိုင်သူဟာ လူမှောင်ခိုကူးသူတွေရဲ့ ညှင်းပမ်းနှိပ်စက်တာ၊ အဓမ္မပြုကျင့်တာတွေ ခံရတဲ့အပြင် တချို့ဆို နှိပ်စက်တဲ့ဒဏ်ကြောင့် သေဆုံးခဲ့ရတယ်လို့ စခန်းတွေက လွတ်မြောက်လာသူတွေက ပြောဆိုကြောင်း ကွာလာလမ်ပူမြို့က ဘီဘီသတင်းထောက် Jennifer Pak က ပြောပါတယ်။

အခုလို မလေးရှားနယ်စပ်မှာ အလောင်းတွေ ထပ်မံတွေ့ခဲ့တဲ့ သတင်းကြောင့် မလေးရှားအစိုးရဟာ လူကုန်ကူးမှုတွေ ရပ်တန့်သွားအောင် အသေအချာ ဆောင်ရွက်ရဲ့လား ဆိုတာ ပို အငြင်းပွားစရာ ဖြစ်လာတဲ့ပုံ ရှိနေပါတယ်။

လောလောဆယ်မှာတော့ လူမှောင်ခိုကူးမှု အဆိုးဆုံး ကျုးလွန်တဲ့ နိုင်ငံများစာရင်းကနေ မလေးရှားကို အမေရိကန်က ဖယ်ရှားခဲ့ပါတယ်။

ဒါဟာ အမေရိကန်အစိုးရ အနေနဲ့ အာရှပစိဖိတ်ဒေသတွင်း ကုန်သွယ်ရေး သဘောတူညီချက်တခု အမြန်ရေးထိုးနိုင်အောင် လုပ်တာဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လူလှောင်အိမ်တွေမှာ အလှောင်ခံထားရတာတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့။

ပြီးခဲ့တဲ့ မေလတုန်းက ထိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားဘက်ခြမ်း တောထဲမှာ လူမှောင်ခိုသမားတွေ စွန့်ပစ်ခဲ့တဲ့ စခန်းတွေ တွေ့ရှိကြောင်း မလေးရှား အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရွှေ့ပြောင်းနေထိုင်သူတွေကို သစ်သား၊ သံစူးကြိုးတွေနဲ့ လုပ်ထားတဲ့ လူလှောင်အိမ်တွေမှာ အလှောင်ခံထားရတာတွေကိုလည်း ဖော်ထုတ် သိရှိခဲ့ကြပါတယ်။

ရုပ်အလောင်း ၁၀၀ ကျော် မလေးရှားဘက်မှာ မတွေ့ရှိခင်က ထိုင်းနိုင်ငံ နယ်စပ်ဘက်မှာ အလားတူ အလောင်းတွေကို အရင်ဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ အဲဒီလို အလောင်းတွေ တွေ့ရှိပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းဝင်လာသူတွေကို သယ်ဆောင်ရာ လူကုန်ကူး လမ်းကြောင်းတွေကို ထိုင်းအာဏာပိုင်တွေက ဖြိုခွင်းခဲ့ကြပါတယ်။

ဒါကြောင့် မလေးရှားကို သွားလိုတဲ့ ရွှေ့ပြောင်းသူတွေကို လူမှောင်ခိုတွေက ပင်လယ်ရေလမ်းက တဆင့် ပြောင်းလဲ ပို့ဆောင်နေကြပေမယ့် ဘယ်နိုင်ငံကမှ သူတို့ကို လက်မခံချင်တာကြောင့် ထောင်နဲ့ချီတဲ့သူတွေဟာ ပင်လယ်ပြင်မှာ မျောနေခဲ့ကြရတာ ဖြစ်ပါတယ်။

အလောင်းတွေ တူးဖော်တွေ့ရှိပြီး နောက်ပိုင်းကျမှသာ ရွှေ့ပြောင်းဝင်လာသူတွေရဲ့ စက်လှေတွေကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံက လက်ခံပြီး ယာယီခိုလှုံစရာ ပေးဖို့ သဘောတူခဲ့ကြပါတယ်။

ထိုင်းနိုင်ငံကတော့ ရွှေ့ပြောင်းဝင်လာသူတွေရဲ့ စက်လှေတွေကို ထိုင်းရေပိုင်နက် ပြင်ပ ပြန်ပို့တာတွေ မလုပ်တော့ဘူးလို့ ပြောပေမယ့် ဝင်လာသူတွေကို လက်မခံဘူးလို့ ဆိုပါတယ်။

အရှေ့တောင်အာရှ ဘီဘီစီ သတင်းထောက် Jonathan Head ကတော့ လူကုန်ကူးတဲ့လုပ်ငန်းဟာ အမြတ်အစွန်း များပြားလာတာနဲ့အမျှ ထိုင်းနိုင်ငံတွင်းရှိ ဒေသခံတွေကပါ လူတင်သွင်းသူတွေကို ပါဝင်ကူညီနေကြတယ်ဆိုပြီး On the trail of Thailand's human traffickers ဆိုတဲ့ဆောင်းပါးမှာ ရေးသားထားပါတယ်။

မစ္စတာ Head ဟာ မေလအတွင်းမှာ ကပ္ပလီပင်လယ်ပြင်အနီး ထိုင်းနိုင်ငံတောင်ပိုင်း Takua Pa ခရိုင်အတွင်းက ကျွန်းတစ်ကျွန်းမှာ လူသေအလောင်းတွေ မြှုပ်ထားတဲ့ကျင်းတွေ တွေ့ရှိတဲ့သတင်းနဲ့ ပတ်သက်ပြီး ထိုင်းအဖွဲ့တွေနဲ့အတူ သွားရောက်သတင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာဟာ ရွှေ့ပြောင်းဝင်လာသူတွေကို ထားရှိရာ လူကုန်ကူးသူတွေ အသုံးပြုခဲ့တဲ့ စခန်းဟောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေထဲက တစ်ဦးလို့ယူဆရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်း အရိုးစုတွေကို တွေ့ရှိခဲ့တဲ့ မစ္စတာ Head က သူရဲ့ စုံစမ်းလေ့လာတွေ့ရှိချက်တွေကို အခုလို သုံးသပ်တင်ပြထားပါတယ်။

လူကုန်ကူးမှု

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက Takua Pa ခရိုင်အတွင်းက ထိုင်းအရာရှိတွေ ကယ်ဆယ်ထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ထွက်ပြေးလာကြသူ ၈၁ ဦး ရှိရာကို ကျနော်တို့ သွားရောက်ခဲ့ပါတယ်။

အမျိုးသမီးအလောင်း တူးဖော်တွေ့ရှိရာ နေရာအနီးမှာ အဲဒီလူတွေကို ထိုင်းအရာရှိတွေက တွေ့ရှိကယ်ဆယ်ခဲ့ပြီး သူတို့ဟာ အစာရေစာ ပြတ်လတ်နေပြီး ရိုက်နှက်ညှင်းပန်းခံထားရတာ တွေ့ရပါတယ်။

Image caption ရိုဟင်ဂျာတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါ ဝင်ရောက်တာ များလာ။

ခရိုင်အကြီးအကဲ Manit Pianthong က သူ့နယ်အတွင်း ရောက်လာတဲ့ ရွှေ့ပြောင်းဝင်လာသူတွေကို စက်လှေတွေ ကတဆင့် ထရပ်ကားတွေနဲ့ လူကုန်ကူးသူတွေက ပြောင်းသယ်လေ့ ရှိပြီး သူ့အနေနဲ့ ဒီလုပ်ရပ်တွေ ရပ်သွားအောင် လုပ်ချင်ပေမယ့် အစိုးရနဲ့ ဒေသခံအာဏာပိုင်တွေက ကူညီတာ နည်းတယ်လို့ ဆိုပါတယ်။

မစ္စတာ Pianthong နဲ့အဖွဲ့ဟာ လူကုန်ကူးသူတွေရဲ့စခန်းတွေကိုရှာဖွေတာ၊ လူတွေတင်လာတဲ့ ထရပ်ကားတွေကို ၂၄ နာရီ စစ်ဆေးရေးဂိတ်တွေ ချ စစ်ဆေးတာတွေ လုပ်ကြပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါ ဝင်ရောက်တာ များလာတာကို ကြည့်ခြင်းအားဖြင့် လူကုန်ကူးမှု ကျယ်ပြန့်လာတာ တွေ့ရပါတယ်။

စီးပွားရေး ပုံစံ

Takua Pa ခရိုင်အတွင်းရှိ လူကုန်ကူးသူတွေရဲ့ စခန်းမှာလူပေါင်း ၆၀၀ လောက်နဲ့ ၆ လကြာ နေထိုင်ခဲ့ဖူးသူ လူငယ်တဦးကတော့ သူတို့နေထိုင်ခဲ့တဲ့နေရာဟောင်း ရှိရာ ခေါ်ဆောင်သွားခဲ့ပြီး သတင်းထောက်တွေကို အခုလို ပြောပါတယ်။

သူတို့က ကျနော်တို့ကို ဟိုနားက တဲရှိတဲ့နေရာကို ခေါ်လာတယ်။ ပြီးတော့ ကျနော်တို့မိဘတွေဆီကို တယ်လီဖုန်းနဲ့ ငွေတောင်းခိုင်းတယ်။ တကယ်လို့ မိဘတွေက မပေးနိုင်ရင် ကျနော်တို့ အရိုက်နှက်ခံရတယ်။ အမျိုးသမီးတွေဆို အဓမ္မအကျင့်ခံရတယ်။ လူတွေ သေကြတယ်။ သေတဲ့သူတွေရဲ့ အလောင်းတွေကို သူတို့က ကားတွေနဲ့ သယ်သွားကြတယ်လို့ ပြောပါတယ်။

ဒါဟာ လူကုန်ကူးသူတွေ လုပ်နေတဲ့ စီးပွားရေး ပုံစံ ဖြစ်ပါတယ်။ ထိုင်းမှာရှိတဲ့ သူတို့ရဲ့ အဖွဲ့တွေက ထိုင်းနိုင်ငံကို ဝင်လာချင်တဲ့သူတွေကို စက်လှေတစ်စီး အပြည့်တင် ခေါ်ယူလာတာ ဖြစ်ပါတယ်။ လူ ၃၀၀ ပါတဲ့ လှေတစ်စီး တင်ဆောင်ခဟာ ဒေါ်လာ ၂ သောင်းကျော်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ဒီနောက်မှာတော့ ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တောထဲက စခန်းတွေမှာ သူတို့မိဘ ဆွေမျိုးတွေဆီက ငွေမပေးမချင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လူတစ်ဦးကို ဒေါ်လာ ၂ ထောင်ကနေ ၃ ထောင်အထိ ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒါဆို လူကုန်ကူးသူတွေဟာ ထိုင်းရွာသားတွေ ရှိနေတဲ့ကြားက ဘယ်လို လုပ်ကိုင်နေကြသလဲလို့ မေးစရာ ရှိပါတယ်။ အခု ရောက်ရှိနေတဲ့ စခန်းဟာ Hat Yai မြို့နဲ့ ကားလမ်းခရီး နာရီဝက်လောက်အကွာမှာ ရှိတာဖြစ်ပြီး အဲဒီဒေသခံတွေပါ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။

စခန်းအနီး ရွာတစ်ရွာမှာနေထိုင်သူ ထိုင်းမွတ်စလင် လူငယ်တဦးကတော့ သူတို့ဒေသခံတွေ အားလုံးဟာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီလို ဖြစ်ကြရတာဟာ ငွေကြောင့်ပဲ။ လူကုန်ကူးသူတွေက အားလုံးကို အခကြေးငွေပေး ခိုင်းတယ်၊ စခန်းတွေကို စောင့်ခိုင်းတယ်၊ အစားအသောက်တွေ သယ်ခိုင်းတယ်၊ အိမ်တိုင်းကို သွားပြီး လူတွေကို ခိုင်းတယ်လို့ ပြောပါတယ်။

အစိုးရဝန်ထမ်း ပါဝင်မှု

အစိုးရဝန်ထမ်းတွေကသာ လျှစ်လျူရှုမထားဘူးဆိုရင် အခုလို ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုတွေ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က လူ ၁ထောင်နီးပါးလောက်ကို ထိန်းသိမ်းထားတဲ့ မလေးရှားနယ်စပ် အနီးရှိ လူကုန်ကူးသူတွေရဲ့ စခန်းကြီးတစ်ခု နဲ့ပတ်သက်ပြီး အထက်တန်း ရဲအရာရှိတစ်ဦး ပြောကြားတာကတော့ အဲဒီ နယ်စပ်ဟာ စစ်တပ်အပိုင်ထဲမှာ ရှိတာကြောင့် ရဲအရာရှိတစ်ဦးအနေနဲ့ စစ်တပ်ရဲ့ ခွင့်ပြုချက်မရဘဲ ဘာမှ လုပ်လို့မရလို့ သူ့အနေနဲ့ စောင့်ကြည့်ရုံသာ ရှိတယ်လို့ ဆိုပါတယ်။

Image caption အစုအပြုံလိုက် မြုပ်ထားတဲ့အလောင်းတွေကို တူးဖော်တွေ့ခဲ့။

နောက် ၆ လအကြာမှာတော့ သူစောင့်ကြည့်နေတဲ့ စခန်းကနေ အစုအပြုံအလိုက် မြေမြှပ်ထားတဲ့ ရုပ်အလောင်း၂၆ လောင်းကို ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူပါဝင် ပတ်သက်တယ် ဆိုတာကိုတော့ မဖော်ထုတ်နိုင်ခဲ့ပါဘူး။

စခန်းရှိတဲ့နေရာတွေဟာ ထိုင်း-မလေးရှားနယ်စပ်ရှိ စစ်တပ်အခြေချရာ ဖြစ်တာကြောင့် အဲဒီနေရာတွေမှာ ရဲရော စစ်တပ်ပါ ရှိနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုနေရာမျိုးမှာ ကြီးမားတဲ့စခန်းတခုဆောက်ဖို့ တစုံတယောက်ရဲ့ခွင့်ပြုချက်ကို ငွေနဲ့မလဲလှယ်နိုင်ရင် လွယ်ကူမယ့် ကိစ္စမဟုတ်ပါဘူး။

လုပ်ငန်း ရပ်တန့်သွားပါ့ မလား

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသူတွေဟာ သူတို့အတွက် ရွေးစရာလမ်းမရှိဘူးလို့ တွေးကြပြီး သူ့တို့နေထိုင်တဲ့နိုင်ငံတွေကနေ ထွက်ခွာနိုင်အောင် လူကုန်ကူးသူတွေကို ငွေပေး၊ အကူအညီတောင်းကြတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ လူမှောင်ခိုစခန်းတစ်ခုကို ရောက်လာတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်က ကျောင်းဆရာတဦးဖြစ်တဲ့ မိုဟာမက်က သူတို့အနေနဲ့ မြန်မာနိုင်ငံက ထွက်မလာချင်ကြပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ကျနော်တို့အတွက် အသက်ရှင်နေထိုင်ဖို့ နေရာမရှိပါဘူး။ ကျနော်တို့ဟာ မြန်မာအစိုးရရဲ့ ရိုက်နှက် ပစ်ခတ်တာတွေ ခံကြရပါတယ်လို့ ပြောပါတယ်။

လူတွေကို ဖမ်းဆီးထားပြီး ပြန်ရွေးဖို့ ငွေတောင်းတဲ့ အလုပ်ဟာ ထိုင်းမှာ အမြတ်အစွန်းများတာကြောင့် လူကုန်ကူးသူတွေက သူတို့ရဲ့ လုပ်ငန်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲအထိ ချဲ့ထွင်လုပ်ကိုင်နေကြပါတယ်။ အဲဒီမှာလည်း အလုပ်ပွဲစားတွေရဲ့ အချိတ်အဆက် ကွန်ယက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီဖြစ်ပါတယ်။

တကယ်လို့ အဲဒီကွန်ယက်တွေကို ဖြိုခွင်းနိုင်မယ်ဆိုရင်တော့ လှေနဲ့တင်ပို့နေတာတွေလည်း သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။

လူကုန်ကူးသူတွေက ရွှေ့ပြောင်းဝင်လာသူတွေကို ပင်လယ်ခရီးကနေ ထိုင်းနိုင်ငံတွင်း ခေါ်ဆောင်လာပြီး ထိုင်းကတဆင့် မလေးရှားကို ကုန်းလမ်းက ပို့ပေးနေတာ ဖြစ်ပါတယ်။

Image caption ထိုင်းရေပြင်မှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သား။

ထိရောက်တဲ့ နှိမ်နင်းဖြိုခွဲမှု

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုကို တကယ်နှိမ်နင်းလိုစိတ်ရှိတဲ့ စစ်ဘက်နဲ့ ရဲဘက်အရာရှိတွေက သူတို့ရဲ့ လုပ်ငန်းတွေ တိုးတက်လာတယ်လို့ ပြောဆိုတာ ရှိပါတယ်။ ဒါပေမယ့် ရနောင်း၊ စတွန်း နဲ့ စုန်ခလာပြည်နယ်တွေမှာ လူကုန်ကူးတဲ့အလုပ် လုပ်တယ်လို့ ယူဆရတဲ့ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုတော့ ဖမ်းဆီးဖို့ လုံလောက်တဲ့ သက်သေအထောက်အထားဖြစ်ဖြစ် မေးခွန်းမေးဖို့ဖြစ်ဖြစ် ဘယ်တုန်းကမှ သူတို့ အခွင့်အရေး ရရှိခဲ့ပုံ မပေါ်ပါဘူး။

စခန်းတွေမှာ ဖမ်းဆီးခံရတဲ့ သူတွေဆီက ပြန်ကြားရတဲ့ အင်မတန်ဆိုးရွားပြီး လူမဆန်တဲ့လုပ်ရပ်တွေ အမှန်တကယ် ရှိနေတယ် ဆိုတာကို အလောင်းတွေရဲ့ အရိုးစုတွေက အထင်အရှား သက်သေပြနေပါတယ်။

ဒီကိစ္စတွေပေါ်ပေါက်အပြီးမှာတော့ လူ ၈၀ လောက်ကို ဝရမ်းထုတ်ခဲ့ပြီး လူ ၃၀ လောက် အဖမ်းခံခဲ့ရပါတယ်။ အဲဒီထဲမှာ စတွန်းပြည်နယ်က နာမည်ကြီး စီးပွားရေးသမားတစ်ဦး၊ အစိုးရအရာရှိ တချို့တို့ပါဝင်ခဲ့ပေမယ့် စစ်ဖက်ဆိုင်ရာ ဝန်ထမ်းတွေတော့ မပါရှိခဲ့ပါဘူး။ ရဲ အရာရှိ ၅၀ ကိုတော့ နယ်ပြောင်းပြစ်ခဲ့ပါတယ်။

ဒါကြောင့် ဒီလူမှောင်ခိုကူးတဲ့ လုပ်ငန်းကို အမြစ်ပြတ်အောင် နှိမ်နင်းနိုင်ပါ့မလား ဆိုရင်တော့ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်၊ ဖော်ထုတ်စရာတွေ အများကြီး ကျန်ပါသေးတယ်လို့ ဖြေရမှာဖြစ်ပါတယ်။