မလေးရှားမှာ ဝန်ကြီးချုပ် ဆင်းဖို့ ဆက်ဆန္ဒပြ

  • 30 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ကိုယ်ပိုင်ဘဏ်စာရင်းထဲမှာ ဒေါ်လာ သန်း ရာနဲ့ချီ ရှိနေတာကို ဝန်ကြီးချုပ် ရာဇက် အသေအချာ ရှင်းမပြ

မလေးရှားနိုင်ငံမှာ လက်ရှိ ဝန်ကြီးချုပ် နာဂျစ် ရာဇက်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ လူထောင်ပေါင်းများစွာ ကွာလာလမ်ပူမြို့ လမ်းမတွေပေါ်မှာ ဒုတိယမြောက်နေ့အဖြစ် ထွက်ဆန္ဒပြခဲ့ရာမှာ ဝန်ကြီးချုပ် ဟောင်း မဟာသီယာ မိုဟာမက်ဒ် လည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

မစ္စတာ နာဂျစ်ကို ရာထူးကနေ ဖြုတ်ချမှသာ မလေးရှားနိုင်ငံ ပြန်လည် ရှင်သန်နိုင်မယ်လို့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်က ဆန္ဒပြ လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။

အခုအခါ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိတော့ကြောင်းနဲ့ အရင်လို တရားဥပဒေ စိုးမိုးနိုင်ဖို့အတွက် ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ နည်းပဲ ရှိတော့ကြောင်း၊ ပြည်သူ့ရဲ့ အင်အားနဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်က တိုက်တွန်း ပြောသွားပါတယ်။

မနေ့က တနေ့လုံး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ လူအုပ်ကြီးထဲက အတော်များများဟာ စနေနေ့ညက လမ်းမပေါ်မှာပဲ ယာယီတဲတွေနဲ့ စခန်းချ နေခဲ့ကြပါတယ်။

ဝန်ကြီးချုပ် နာဂျစ် ရာဇက်ဟာ သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲ ဒေါ်လာသန်းရာပေါင်းများစွာ ဘာ့ကြောင့် ရှိနေတာနဲ့ ပတ်သက်လို့ အသေအချာ ရှင်းမပြသေးဘူး ဆိုပြီး ဆန္ဒပြသူတွေက ပြောနေတာပါ။