နိုင်ငံခြားသား မုန်းတီးစိတ်ကို လက်သင့်မခံဖို့ ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

  • 31 ဩဂုတ် 2015
merkel_balkan ဓာတ်ပုံ မူပိုင်
Image caption ဒုက္ခသည် တွေ ရဲ့ ဝန်ထုပ်ဝန်ပိုးကို ဥရောပ နိုင်ငံတွေ မျှဝေ ယူကြဖို့ကိုလည်း ဝန်ကြီးချုပ် မာ့ခဲလ် က တောင်းဆို။

ဂျာမနီ နိုင်ငံထဲမှာ နိုင်ငံခြားသား မုန်းတီးရေး စိတ် တွေ ဖြစ်ထွန်းလာ သယောင် ရှိတဲ့ အပေါ် စိုးရိမ် မိတယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က ပြောလိုက် ပါတယ်။

လက်ယာစွန်းရောက် အယူအဆ တွေ ကို လက်သင့်ခံ နေတဲ့ အပေါ် ဝန်ကြီးချုပ် မာ့ခဲလ် က သတိပေးလိုက်ပြီး တိုင်းပြည်ထဲ အသစ် ဝင်ရောက် လာတဲ့ နိုင်ငံခြားသား တွေကို ဆန့်ကျင်နေတဲ့ အထဲ လူအများ မပါဝင် ကြဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။

ဥရောပ သမဂ္ဂ ရဲ့ အခြေခံ မူဝါဒနဲ့ အညီ အဖွဲ့ဝင် နိုင်ငံတွေ အကြား လူတွေ လွတ်လပ်စွာ သွားလာခွင့်ကို စောင့်ထိန်း တဲ့ အနေနဲ့ ဒုက္ခသည် တွေ ရဲ့ ဝန်ထုပ် ဝန်ပိုးကို ဥရောပ နိုင်ငံတွေ မျှဝေ ယူကြဖို့ကိုလည်း ဝန်ကြီးချုပ် မာ့ခဲလ် က တောင်းဆို ခဲ့ပါတယ်။

ဒီအချိန်မှာပဲ၊ ဩစတြီးယား နိုင်ငံထဲ မှာ ဟန်ဂေရီ ဘက်က ဝင်ရောက် လာတဲ့ မော်တော်ယဉ်တွေ ပေါ်မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ကွယ်ဝှက်ပြီး တင်ဆောင် လာသလား ဆိုတာကို ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေး နေပါတယ်။

အဲဒီ့လို ယာဉ်တွေကို ရပ်တန့် စစ်ဆေးနေတဲ့ အတွက် ၁၂ မိုင်ကျော် အောင်ကို ကားတန်းရှည်ကြီး ဖြစ်ပေါ် နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေ နောက်ပိုင်း ရွှေ့ပြောင်း ဝင်ရောက်သူ ၂၀၀ ကျော်ကို တွေ့ ထားရပြီး လူမှောင်ခို တွေလို့ သံသယ ရှိရသူ အများအပြားကို လည်း ထိန်းသိမ်း ခဲ့ရတယ် လို့ ဩစတြီးယား အာဏာပိုင်တွေ က ပြောပါတယ်။

ဗီယာနာမြို့တော် ကို ဆိုက်လာတဲ့ ဟန်ဂေရီ က လာတဲ့ ရထားတွေ ပေါ်မှာ လည်း ရွှေ့ပြောင်း ဝင်ရောက်သူတွေ ရာပေါင်းများစွာ ပါလာပြီး အဲဒီ့ထဲက အများစု ကတော့ ချက်ခြင်း ဆိုသလို ဂျာမနီ ကို သွားမယ့် ရထားတွေ ပေါ် တက်ပြီး ခရီးဆက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ