ထိုင်းဗုံးကွဲမှု မသင်္ကာသူ ဖမ်းဝရမ်းထုတ်

  • 31 ဩဂုတ် 2015
ဖေါက်ခွဲမှုသတင်းပေးသူကိုရဲကဆုငွေကြေညာ ဓာတ်ပုံ မူပိုင် bbc
Image caption ဖေါက်ခွဲမှုသတင်းပေးသူကိုရဲကဆုငွေကြေညာ

သြဂုတ်လ ၁၇ ရက်က ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲမှုမှာ လူ ၂ဝ သေဆုံးခဲ့ရတာဟာ ဒီလို ဖောက်ခွဲ တိုက်ခိုက်မှုတွေထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ထိုင်း အစိုးရက ကြေညာ ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး အမည် မဖော်သေးတဲ့ လူတယောက်ကို ထိုင်းရဲက ဖမ်းဆီး ခဲ့ပေမယ့် ခုဒီလူဟာ တိုက်ခိုက်မှု အဓိက လက်သည် ဟုတ်မဟုတ် ပြောလို့မရ ဖြစ်နေပါတယ်။

အရင် သီတင်းပတ်ကုန်က ဖမ်းထားတဲ့ အမျိုးသားဟာ ပေါက်ကွဲမှု မဖြစ်ပွားခင် မှာ စီစီတီဗီ ရုပ်သံ မှတ်တမ်းက မြင်လိုက်ရတဲ့ လူလို့ မယူဆဘူး၊ ဗုံးခွဲမှုနဲ့အလိုရှိသူ မဖြစ်နိုင်ဘူးလို့ ထိုင်းရဲက ဆိုပါတယ်။ သူဟာ အသက် ၂၈ နှစ် အရွယ် တခြား နိုင်ငံသား ဖြစ်ပြီး သူ့ကို နေအိမ်မှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ အတူ မိတာလို့ ထိုင်းရဲက ပြောခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၂ ယောက်ကို ဝရမ်းထုတ်ပြန်ပါပြီ။ အသက် ၂၆ နှစ် အရွယ် ထိုင်းအမျိုးသမီး ဝနာ ဆုန်ဆန် ဆိုသူနဲ့ နောက်ထပ် အမည်မသိရတဲ့ နိုင်ငံခြားသား တယောက်ကို ဝရမ်းထုတ်ခဲ့တာပါ။

ထိုင်းရဲတွေက မွတ်ဆလင်ခေါင်းစည်း စည်းထားတဲ့ ထိုင်းအမျိုးသမီးပုံနဲ့ နိုင်ငံခြားသား ဆိုသူရဲ့ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် တိုက်ခန်း တခုထဲမှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေ ထပ်တွေ့ပြီးမှ ဒီဝရမ်းကို ထပ်ထုတ်ခဲ့တာပါ။ မြေသြဇာအိတ်တွေ၊ လက်ပတ် နာရီတွေနဲ့ ရေဒီယို အဝေးထိန်း ခလုပ်တွေ တွေ့တယ် ၊ ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်ကို ဗုံးလုပ်ဖို့ မဟုတ်ဘဲ ဘယ်သူမှ အတူမထားဘူးလို့ ထိုင်းရဲ အဖွဲ့က ဆိုပါတယ်။

ထိုင်းရဲချုပ် Somyot Poompanmuang ဆုမ်ရော့ ပူပန်မြွန်း ပြောတာကတော့ ဒီဖောက်ခွဲရေးသမားတွေ ဝင်လာတာ၊ ပြင်ဆင် လုပ်ဆောင်သွားတာနဲ့ ပြန်ထွက်သွားတာတွေ ကြည့်ပြီး ဒါ နိုင်ငံခြားသား တွေ သက်သက်တင် ပါတာ မဟုတ်တာ ထင်ရှားတယ်လို့ ပြောသွားပါတယ်။ လက်ရှိထုတ်ထားတဲ့ဆုငွေ ဒေါ်လာ၈သောင်းကျော်ကိုတော့ ရဲချုပ်က ထိုင်းရဲတပ်ဖွဲ့ကိုပေးအပ်လိုက်ပါတယ်။