ရွှေ့ပြောင်း အခြေချသူတွေကို ဟန်ဂေရီ တားဆီး

  • 1 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမနီကို ဦးတည် ထွက်ခွာမယ့် ရာနဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေကို တားဆီးဖို့ ကလက်တီ ဘူတာရုံကို ပိတ်ခဲ့။

ဟန်ဂေရီ နိုင်ငံက တဆင့် တခြား အီးယူ နိုင်ငံတွေဆီ သွားရောက်မယ့် ရွှေ့ပြောင်း အခြေချသူတွေကို ဟန်ဂေရီ အာဏာပိုင်တွေက တားဆီး ခဲ့ပြီးနောက် ဘူဒါပက်စ် မြို့က ရထား ဘူတာရုံ ရှေ့မှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေ ဆန္ဒပြ ခဲ့ကြပါတယ်။

ကလက်တီ ဘူတာရုံကနေ မောင်းထုတ် ခံရတဲ့ ရွှေ့ပြောင်း အခြေချသူတွေဟာ သူတို့ရဲ့ ရထား လက်မှတ်တွေကို ဝှေ့ယမ်းပြီး 'ဂျာမနီ' လို့ အော်ဟစ် ကြွေးကြော် ခဲ့ကြပါတယ်။

ဟန်ဂေရီ အရာရှိတွေကတော့ သူတို့ အနေနဲ့ အီးယူရဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း လိုက်နာ လုပ်ဆောင်ဖို့ ကြိုးစား နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေ့ပြောင်းသူတွေ ပထမဆုံး ဝင်ရောက်ရာ နိုင်ငံမှာပဲ ခိုလှုံခွင့် လျှောက်ထားရမယ် ဆိုတဲ့ အီးယူရဲ့ စည်းမျဉ်းကို အစောပိုင်းက ဟန်ဂေရီ အရာရှိတွေက လိုက်နာ လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။

ဂျာမနီကို ဦးတည် ထွက်ခွာကြတဲ့ ရွှေ့ပြောင်းသူ ၃၆၅၀ ဟာ တနင်္လာနေ့က သြစတြီးယား နိုင်ငံ ဗီယင်နာ မြို့ကို ရောက်လာ ခဲ့ကြတယ်လို့ သြစတြီးယား ရဲတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က ရွှေ့ပြောင်း ခိုလှုံသူတွေကို အီးယူ နိုင်ငံ အားလုံးက မျှဝေ လက်ခံကြဖို့ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ