ဘန်ကောက်ဗုံး မသင်္ကာသူ လက်ဗွေ ကိုက်ညီမှုရှိ

  • 2 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အင်္ဂါနေ့က ဖမ်းဆီးခဲ့တဲ့ နိုင်ငံခြားသားဟာ နတ်ကွန်းအနီးကို ဗုံးသယ်ခဲ့သူ ဖြစ်နိုင်တယ်လို့လည်း ထိုင်းရဲက ယူဆနေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ် နတ်ကွန်းအနီး ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ဖမ်းဆီးခဲ့တဲ့ မသင်္ကာသူရဲ့ လက်ဗွေရာဟာ ပြီးခဲ့တဲ့ စနေနေ့က ဖမ်းမိခဲ့တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေပေါ်က လက်ဗွေရာနဲ့ ကိုက်ညီမှု ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းဆီးခဲ့တဲ့ အဲဒီ နိုင်ငံခြားသားဟာ ဗုံးဖောက်ခွဲမှုကို ကျူးလွန်ခဲ့တဲ့ ကွန်ရက်မှာ အဓိကကျတဲ့ လူ ဖြစ်တယ်လို့ ထိုင်း ရဲတွေက ယူဆ နေကြပါတယ်။

အဲဒီ လူဟာ ဗုံးကို ဘန်ကောက်မြို့က တိုက်ခန်းဆီ သယ်ဆောင်ခဲ့တာ ဖြစ်နိုင်သလို၊ နတ်ကွန်းဆီ သယ်ဆောင် ခဲ့သူဟာလည်း သူပဲ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Prawut Thavornsiri က ဆိုပါတယ်။

ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အလိုရှိတဲ့ ဖမ်းဝရမ်း ထုတ်ထားသူ ၈ ဦးမြောက် ရှိသွားပြီ လို့လည်း သူက ပြောပါတယ်။

အခုချိန်အထိ နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးထားပြီး သူတို့ ဘယ်နိုင်ငံသား ဖြစ်တယ် ဆိုတာကိုတော့ ထိုင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

ပထမ နိုင်ငံခြားသားကို စနေနေ့က ဘန်ကောက်မြို့ တိုက်ခန်း တစ်ခုကို ဝင်စီးစဉ် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး၊ ဒုတိယ တစ်ယောက်ကိုတော့ အင်္ဂါနေ့က ဘန်ကောက်မြို့ အရှေ့ဘက် ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ