ဂျပန်အပေါ် စစ်အောင်နိုင်မှု နှစ် ၇၀ ပြည့် တရုတ် ကျင်းပ

  • 3 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတ ရှီရဲ့ မိန့်ခွန်းမှာ ဆက်ဆံရေး ပြန်တိုးတက် လာစေမယ့် အရိပ်အယောင် မတွေ့ရဘူးလို့ ဂျပန်ပြော။

ဂျပန်ကို စစ်အောင်နိုင်တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ် နိုင်ငံ၊ ဘေဂျင်း မြို့မှာ ကြီးကျယ်တဲ့ စစ်ရေးပြပွဲ တစ်ခုကို ကျင်းပ ခဲ့ပါတယ်။

တိန့်ယန်မင် ရင်ပြင်မှာ ဒုတိယ ကမ္ဘာစစ် စစ်ပြန်ကြီးတွေ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် အင်အား သောင်းနှစ်ထောင် ချီတက် ခဲ့ကြပြီး သူတို့ရဲ့ နောက်မှာ ပဲ့ထိန်း ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာ ယာဉ်တွေလည်း အင်အားပြ ချီတက် ခဲ့ကြပါတယ်။

သမ္မတ ရှီကျင်းပင်က စစ်ရေးပြပွဲမှာ မိန့်ခွန်း ပြောရာမှာ ဂျပန်ရဲ့ စစ်အင်အားသုံးတဲ့ ဝါဒကို အောင်မြင်မှု ရခဲ့တာကြောင့် တရုတ် အနေနဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာအောင် တည်ဆောက် နိုင်ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမယ့် တရုတ် သြဇာ လွှမ်းမိုးဖို့အတွက် အခု ရှိလာတဲ့ အင်အားကို မသင့်မလျော် သုံးသွားမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

ဂျပန် အစိုးရကတော့ တရုတ် သမ္မတ ရှီကျင်းပင်ရဲ့ မိန်းခွန်းထဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် သင့်မြတ် လာစေမယ့် အရိပ်အယောင် မတွေ့ရတဲ့အတွက် စိတ်ပျက် ရတယ်လို့ ဆိုပါတယ်။

စစ်ရေး ပြပွဲကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ အပါအဝင် နိုင်ငံ ခေါင်းဆောင် ၃၀ ကျော် တက်ရောက်ခဲ့ပေမယ့် ဂျပန် ဝန်ကြီးချုပ်နဲ့ အနောက်နိုင်ငံ ခေါင်းဆောင် အတော်များများ ကတော့ တက်ရောက်ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ