တရုတ်မှာ စစ်ရေးပြအခမ်းအနား အကြီးအကျယ် ကျင်းပမယ်

  • 3 စက်တင်ဘာ 2015
cn_china_pla_female ဓာတ်ပုံ မူပိုင် AFP
Image caption စစ် လက်နက် ပစ္စည်း အသစ် တွေ အမြောက်အများ ထုတ်ပြမယ်လို့ တရုတ်က ပြောထားပါတယ်။

တရုတ်နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ် တုန်းက ဂျပန်တို့ စစ်ရှုံးနိမ့် ခဲ့ရတာရဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အနေနဲ့ ဩဂုတ်လ ၃ ရက် ကြာသာပတေးနေ့မှာစစ်ရေးပြ အခမ်းအနား အကြီးအကျယ် ပြုလုပ်ဖို့ ရှိနေပြီး သမ္မတ ရှီကျင်းပင် တက်ရောက် မှာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော် တီယန်မင် ရင်ပြင် မှာ တရုတ် စစ်သား တစ်သောင်းနှစ်ထောင် အပြင် ရုရှား တပ်သား အချို့ လည်း ပါဝင်မယ့် နိုင်ငံခြားတပ်သား အင်အား တစ်ထောင်လည်း စစ်ရေးပြ ချီတက် ပါလိမ့်မယ်။

ဒါ့အပြင် နျူကလီယာ ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်ပစ်စင် တွေ နဲ့ ဗုံးကြဲ လေယာဉ်တွေ အပါအဝင် စစ် လက်နက် ပစ္စည်း အသစ် တွေ အမြောက်အများ ထုတ်ပြမယ်လို့ တရုတ်က ပြောထားပါတယ်။

သမ္မတ ရှီကျင်းပင် နဲ့ အတူ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စစ်ရာဇဝတ်မှု စွဲချက်တွေ နဲ့ အလိုရှိနေတဲ့ ဆူဒန် သမ္မတ အိုမာ အယ်လ်-ဘရှား၊ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား တို့ လည်း အဲဒီ့ စစ်ရေးပြ အခမ်းအနား မှာ ရှိနေမှာ ဖြစ်ပြီး အပြင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းလည်း တက်ရောက်မယ်လို့ မျှော်လင့် ရပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ် အနောက်အုပ်စု နိုင်ငံတွေ က ခေါင်းဆောင် တွေ တညီတညွတ်တည်း လာပြီး မတက်တာ ကိုလည်း သတိထားမိဖွယ် တွေ့ရနိုင်ပါတယ်။