ကမ္ဘာပေါ်မှာ သစ်ပင်အရေအတွက် ၃ ထရီလီယံရှိ

  • 3 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အခု အကဲဖြတ်ချက်မှာ သစ်တောပေါင်း ၄ သိန်းကျော်ရဲ့ အချက်အလက်တွေကို အသုံးပြုခဲ့။

ကမ္ဘာပေါ်မှာ သစ်ပင် စုစုပေါင်း အရေအတွက် သန်းထောင်ပေါင်း သုံးထောင်ကျော် (၃ ထရီလီယံ) ရှိတယ်လို့ လေ့လာ အကဲဖြတ်ချက် အသစ် တစ်ခုက ဆိုပါတယ်။

ယခင် ခန့်မှန်းထားတဲ့ သစ်ပင် အရေအတွက်က သန်းထောင်ပေါင်း ၄၀၀ ဖြစ်တဲ့ အတွက် အခု အသစ်တွေ့ရှိတဲ့ ကိန်းဂဏန်းက ၈ ဆ လောက် ပိုများနေတာ ဖြစ်ပါတယ်။

ဒီအကဲဖြတ်ချက်ကို ယေးလ် တက္ကသိုလ်က Thomas Crowther နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အရေအတွက် များပြားတဲ့ မြေပြင် အချက်အလက်တွေကို ဂြိုဟ်တု ဓာတ်ပုံတွေနဲ့ ပေါင်းစပ်ပြီး လေ့လာ အကဲဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအရေအတွက်အရ ကမ္ဘာပေါ်က လူတွေအတွက် တစ်ယောက်စီကို သစ်ပင် ၄၂၀ ကျော် ရှိနေတယ်လို့ သူတို့ အဖွဲ့က ပြောပါတယ်။

အခု သိရတဲ့ သစ်ပင် အရေအတွက်နဲ့ အချက်အလက်တွေကြောင့် ရာသီဥတု ပုံစံသစ်တွေ လေ့လာမှု၊ တိရစ္ဆာန်နဲ့ သဘာဝ ပေါက်ပင် အပြန်အလှန် ဆက်သွယ်ချက် စတာတွေ အပါအဝင် တခြား လေ့လာမှု နယ်ပယ် အတော်များများကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။